စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရွှေဘို – အင်းတော် – မြစ်ကြီးနားလမ်းပိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ၊ ခံသာကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး၊ MA 3 တစ်လက်၊ ကင်းထောက်ဒရုန်းတစ်စီး၊ ငါးကြင်းမြှီးတစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက ယမန်နေ့ (မတ်လ ၅ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်မှစ၍ သစ်ဖုလဘုရားကုန်းမှ စစ်ကောင်စီတပ်ဖွဲ့များ၊ ခံသာကျေးရွာသို့ စစ်ကြောင်းထိုးသည့်အချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်များ အထိနာသောကြောင့် မတ်လ ၄ ရက်တွင် ကျောက်တန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်းသိရသည်။
“ စစ်ကြောင်းဆုတ်သွားတော့ ခံသာရွာထဲကို ရှင်းလင်းရေးဝင်တော့ စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းနဲ့ စစ်လက်နက်ပစ္စည်းတွေတွေ့ရှိပါတယ်။ လေကြောင်းနဲ့ ဗုံးကြဲလို့ နေအိမ်တွေနဲ့ စာသင်ဆောင်နှစ်ဆောင်ပျက်စီးတယ်” ဟု ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ အိမ်တွေမီးရှို့တဲ့အထဲမှာ စစ်သားအလောင်းတွေပါ ထည့်ရှို့တာ၊ ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး” ဟု မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အထက်ပါတိုက်ပွဲကို ကောလင်းခရိုင်အမှတ်(၁) တပ်ရင်း၊ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်း၊ကောလင်းခရိုင် ပကဖနှင့် ဒေသခံတော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သော အခြေအနေဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့သို့ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျွန်းလှခုံ၊ ဆေးမင်းခုံ၊ ဝါးခုံ၊ ခွင့်တောင်း၊ လက်ပံကွေ့၊ ကျူတော၊ ရွာမ၊ ဆိုင်ဒူးကျေးရွာများမှ ပြည်သူ ၃၀၀၀၀ ကျော် တိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“ ကျောက်တန်းရွာကနေ ခံသာရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်။ ငါးကြီးအိုင်ရွာကိုလည်း မီးရှို့တယ်။ အဝင်တစ်ခါ အထွက်တစ်ခါ မီးရှို့နေတာ၊ တိုက်ပွဲဖြစ်တော့ လမ်းမကြီးတွေပိတ်တာနဲ့တိုးပြီး ခရီးသွားတွေလည်းပိတ်မိနေတယ်။ ဒီမနက်တော့ လမ်းပြန်ဖွင့်ပြီကြားတယ်” ဟု ကောလင်းဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာ ၆ ရက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီတပ်က မြို့ကို ပြန်လည်၍ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် ကောလင်းမြို့၊ ငါးကြီးအိုင်ကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူသုံးဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။