ပဲခူးတိုင်း၊ ရေတာရှည်မြို့အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာသည့် စစ်သား ၃ ဦးစလုံးသေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၄ ရက်၊ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ရေတာရှည်မြို့အဝင်၊ကြိုဆိုပါ၏ ဆိုင်းဘုတ် အနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပိုင်းတွင် ဆွာမြို့နယ်၊သာဂရမှ Double Cub ၁စီးဖြင့် စစ်သား ၃ ဦးလိုက်ပါလာသည့် ကားကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Daung Minn Thar- Yedashe – PDF ကသတင်းထုတ်ပြန်သည်။
“စစ်ကားဗျ။အိမ်စီးကားမဟုတ်ဘူး။အစိမ်းပုတ်ရောင် ခေါင်းရှည်ပါဗျ။ကားရှေ့ခန်းမှာ ၂ ယောက် ကတော့ ပွဲချင်းပြီးသေတယ်။နောက်မှာလိုက်တဲ့ကောင်က ပစ်သွားသေးတယ်။ဒီကောင်လည်း သေတယ်လို့ကြားပါတယ်။ကျနော်တို့ ထိထိမိမိ ဖောက်ခွဲနိုင်တာပါ။ကားပျက်ကို ရဲစခန်းက နေ လာသယ်သွားတယ်”ဟု Daung Minn Thar – Yedashe -PDF မှ ဘဏ္ဍာရေးနှင့်ထောက်ပို့ တာဝန်ခံ ရဲဘော် ဒေါင်းဖြူက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကားသည် ဆွာမြို့နယ်၊သာဂရအခြေစိုက် ခမရ-၈၄ မှ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့်ကားဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် စစ်သားများနှင့် ပျက်စီးသွားသည့် ကားကို ရေတာရှည်မြို့မ ရဲစခန်းသို့ သယ်ဆောင်သွားကြောင်းသိရသည်။
“ကျနော်တို့ UG ရဲဘော်တွေအနေနဲ့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာကတော့ စစ်ကောင်စီ ရဲ့နောက်မှာ ကျနော်တို့ အရိပ်လို အမြဲရှိနေပါပြီ။တစ်ခါတလေတော့ ကျနော်တို့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အရ လက်ရှောင်ရတာမျိုးတွေတော့ ရှိတာပေါ့။ဒါကြောင့် တတ်နိုင်သမျှ စစ်ကောင်စီတွေနဲ့ ခပ်ဝေးဝေးနေပေးကြဖို့ပဲ တောင်းဆိုချင်ပါတယ်”ဟု သံတောင်မြောက်ပိုင်း အထူးဒေသ UG ရဲဘော် တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်းအထူးဒေသUG ရဲဘော်များနှင့် Daung Minn Thar – Yedashe – PDF (တပ်ခွဲ – ၄)ဒေါင်းမင်းသားညီနောင်စစ်ကြောင်းတို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။