စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့လယ်ခေါင်ရှိ CB Bank စောင့် စစ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
မတ်လ ၄ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင်ဘုတလင်မြို့၊ CB Bank ၌လုံခြုံရေးယူနေသော စစ်သားများကို လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ်ပကဖ ကသတင်းထုတ်ပြန်သည်။
“CB Bank က မြို့လယ်ခေါင် ကြေးရုပ်နားမှာရှိတာ။မနက် ၈ နာရီလောက်ဝင်ပစ်တာ။နာရီဝက်လောက်ကြာတယ်။ကျနော်တို့ ပြန်ဆုတ်တော့ ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့သူတွေကို ထွေအုပ်ရုံးထဲသယ်သွားတာလို့သိရပါတယ်” ဟု ဘုတလင်မြို့နယ်ပကဖ တာဝန်ခံ ဆရာကြွက်ကလေး ကပြောသည်။
ဒဏ်ရာရသူများအနက် စက်လတ်သေနတ်ကိုင်သည့်စစ်သားမှာ လက်ပြတ်သွားကြောင်း ၎င်းက ဆိုသည်။
“စစ်ကူမလာနိုင်ဘူးဗျ။ဘဏ်နဲ့မလှမ်းမကမ်းမှာတော့ စစ်ကြောင်းရှိတယ်။ကျနော်တို့ တိုက်ပြီးလို့ပြန်ဆုတ်မှ ဘဏ်ကို စစ်သား ၃၀ လောက်ရောက်လာပြီး လူနာနဲ့သေတဲ့ကောင်တွေကို လာခေါ်တာ။သေတဲ့ ၂ကောင်ကို ဒီနေ့(မတ်လ၅ရက်)သင်္ဂြိုလ်မယ်လို့ သိရပါတယ်” ဟု ဘုတလင် မြေပြင်ကင်းထောက်ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်ပကဖ၊ဒီပဲယင်းအခြေစိုက် Mobile Team၊ဘုတလင်မြို့နယ်တိုက်နယ်-၂(ပကဖ)နှင့် နင်ဂျာဒေသကာကွယ်ရေးတပ် တို့မှပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။