ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း ပအိုဝ်းဒေသအတွင်း စစ်ရေးတင်းမာလျက်ရှိပြီး အချို့နေရာများ၌ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်မဖြစ်ကတော့ စစ်ကောင်စီအပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက ပအိုဝ်းဒေသကို ထိုးစစ်ဆင်လာတယ်။လက်နက်ကြီးတွေနဲ့ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးတယ်ဆိုရင်တော့ တိုက်ပွဲကမဖြစ်ချင်လည်း ဖြစ်မှာပဲဖြစ်ပါတယ်” ဟု PNLA တာဝန်ရှိသူတစ်ဦးကပြောသည်။
မတ်လ ၂ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့ နယ်ရှိ မဲနယ်တောင်ဒေသကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၆၀ ကျော်ပစ်ခတ်ခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ ဟိုပုံးမြို့ဘက်ကနေ လက်နက်ကြီးတွေ အတွဲလိုက်ပစ်ဒုံးတွေကို ယာဉ်တွေနဲ့ သယ်ယူနေရာချပြီး ပစ်ခတ်တာဖြစ်ပါတယ်။စစ်ကောင်စီက အတွဲလိုက်ပစ်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့နေရာဟာ ကျနော် တို့တပ်ဖွဲ့တွေလည်း မရှိတဲ့အတွက် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး ။ လူနေအိမ်ထိခိုက်မှုတွေတော့ ရှိတယ်လို့ သိရပါတယ်။ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေ ဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဟိုပုံးမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသဖြင့် မြို့ခံအများစုမှာ ဘေးကင်းလုံခြုံရာသို့ ရှောင်တိမ်းနေရပြီး အခြေခံလူတန်းစား များသာ မြို့တွင်း၌ နေထိုင်လျက်ရှိကြောင်း ဟိုပုံးမြို့ခံတစ်ဦးက ပြောသည်။
“ ဟိုပုံးမြို့နဲ့ အနီးတစ်ဝိုက်ကို ရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အခုက ဟိုပုံးမြို့လည်း အခြေအနေမကောင်းတော့ ဘယ်လို ဆက်ရှောင်ကြမလဲဆိုတာကို မသိဖြစ်နေတာပေါ့။လက်ရှိ ကုန်ဈေးနှုန်းနဲ့လည်း ကိုယ့်နေရာမဟုတ်တဲ့ နေရာမှာဆို အဆင်မပြေဘူးလေ။စစ်ဘေးရှောင်စခန်း တွေတော့ ရှိပါတယ်။ဒါပေမယ့် ကိုယ့်အိမ်မှာနေရတာလောက် အဆင်မပြေတော့ ရသလောက်နေ နေ ကြတာပေါ့” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ပအိုဝ်းတို့၏ မြို့၊ ကျေးရွာနှင့် အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )က ထုတ်ပြန်ထားသည်။