ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ မဂျီဂုံဗျူဟာစစ်ကောင်စီတပ်စခန်းကို မတ်လ ၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက မနေ့ကသတင်းထုတ်ပြန်ခဲ့သည်။
KIA တပ်မဟာ ၃ နယ်မြေရှိ၊ စစ်ကောင်စီတပ်၏ မဂျီဂုံဗျူဟာစခန်းကို ဇန်နဝါရီလကုန်းပိုင်းတွင် ဝန်းရံပိတ်ဆို့ခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လ ၁ ရက်၊ နံနက် ၆ နာရီမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“ စခန်းသုံးခုကို တပြိုင်တည်းဝင်တိုက်တာ၊ သုံးခုလုံးရတယ်။ လက်နက်တွေ ရတယ်။ နှစ်ဖက်တပ်တွေ ထိခိုက်မှုရှိတယ်” ဟု ရှေ့တန်းနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။
သုံးရက်ကြာ တိုက်ခိုက်သိမ်းယူခဲ့ရသည့် မဂျီဂုန်ဗျူဟာစစ်ကောင်စီတပ်စခန်းသည် ခလရ ၁၀၂၊ ၂၅၀၊ ၄၄၆ နှင့် ခမရ ၄၂၇ တပ်တို့ ပူးပေါင်း၍ တပ်စွဲစခန်းချနေသည့် ဗျူဟာကုန်းဖြစ်ကြောင်း သိရသည်။
“ လေကြောင်းပစ်ကူတွေလာတယ်၊ လေယာဥ်နဲ့ ဗုံးကြဲတယ်။ စစ်တပ်ဘက်က လက်နက်တွေနဲ့ ထွက်ပြေးကြတဲ့လူတွေလည်း ရှိတယ်။ ရွှေကူအထက်ဘက်ကနေလည်း စစ်ကြောင်းထိုးတယ်” ဟု ရွှေကူဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်၊ ညပိုင်းကလည်း ရွှေကူမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းမှ လက်နက်ကြီးပစ်ခက်သံများကြားရပြီး၊ ယနေ့ (မတ်လ ၄ ရက်)၊ နံနက်ပိုင်းတွင် ရွှေကူမြို့အထက်ဘက်ရှိ မံစီမြို့နယ်သို့ စစ်ကြောင်းထိုးသွားကြောင်း ၎င်းကဆက်လက်ပြောသည်။
“ မံစီနယ်ထဲက စခန်းတွေအကုန်နီးပါး သိမ်းမိနေပြီ၊ တဖြည်းဖြည်းနဲ့ ဗန်းမော်၊ ရွှေကူဘက်ကို နီးလာပြီ၊ ကြိုတင်ပြင်ဆင်ဖို့လည်း လိုလာအပ်နေပြီလေ” ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း မံစီမြို့နယ်ရှိ ခမရ ၄၂၄ လက်အောက်ခံ ဂေါင်ငူယာန်စစ်ကောင်စီတပ်စခန်း၊ ခလရ ၆၀၂ လက်အောက်ခံ ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကြီး၊ ခလရ ၂၅၀ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းကြီး(ဒေသအခေါ် ဘလောင်ဒိန်ဆာစခန်း)နှင့် စီခမ်းကြီးစစ်ကောင်စီတပ်စခန်းတို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။