မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကြောင်းသိရသည်။
မတ်လ ၃ရက်၊ နံနက် ၁၀နာရီ မိနစ် ၂၀ခန့်က နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘို့ကျေးရွာမှထွက်လာသော စစ်သား ၄၀ဝန်းကျင်ပါ Light Truck ကား ၂ စီး၊ မှန်လုံကား ၁စီးနှင့် 4 Wheel ကား ၁ စီးတို့ကို နနွင်းတော်ဘို့ရွာတောင်ဘက်၌ ပဒေသာမိုင်း ၃လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူလည်းများကြောင်း Mying Black Tiger အဖွဲ့ထံကသိရသည်။
“ ဒဏ်ရာရတဲ့သူကိုတော့ အတိအကျမသိရဘူး။ ဒဏ်ရာရတာတော်တော်များတယ်လို့ ဖရဲသီးကပြောတယ်။ သူ့အနေနဲ့ အတိအကျရေလို့ မရလို့နဲ့တူပါတယ်။ သေဆုံးတာကတော့ ၆ယောက်၊အတိအကျလှမ်းပြောတယ်။ မိုင်းဆွဲခံရတော့ မရပ်နဲ့ ၊မရပ်နဲ့ ပြေး၊ပြေးဆိုပြီး ကားသမားကို အတင်းအော်ပြောနေတဲ့အသံတွေကို ကျနော်တို့ကြားရတယ်” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံး၊ဒဏ်ရာရသည့်စစ်သားများနှင့်အတူ မြင်းခြံ ခမရ (၁၅)တပ်ရင်းအတွင်းသို့ ဝင်သွားပြီးဒဏ်ရာရသူတို့ကို လူနာတင်ကားများဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ယင်း စစ်သားတင် ကား ၄စီးသည် နနွင်းတောင်ဘို့ကျေးရွာသို့ မတ်လ ၂ရက်က ရောက်ရှိလာပြီး တစ်ညအိပ်ကာ မတ်လ ၃ရက်နေ့၌ ပြန်ထွက်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးပြောသည်။
“ ၂ရက်နေ့ တစ်နေကုန်နေတယ်။ တစ်ညအိပ်တယ်။ မြင်းခြံမြို့ပေါ်က လာတာဖြစ်ဖို့များမယ်။ ကံစွယ်ဘက်လည်းထွက်တာရှိတော့ ဘယ်ကလာသလဲ ဆိုတာ အတိအကျပြောဖို့ခက်တယ်။ ဒီရွာက သူတို့ဝင်လိုက်ထွက်လိုက်လုပ်နေကြတာ။ ရှောင်တဲ့သူတွေလည်း ရှောင်ကုန်ကြပြီ” ဟု ၎င်းကပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger နှင့်အတူ နွားထိုးကြီးမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြာအတည်မပြုနိုင်ပေ