ခရမ်းချဥ်သီးစျေးနှုန်းမှာ အဆိုးရွားဆုံး ကျဆင်းနေသဖြင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း တောင်သူတို့က ခူးဆွတ်ရောင်းချခြင်းမပြုတော့ဘဲ ကျွဲ၊ နွားများကိုသာ ကျွေးနေကြကြောင်းသိရသည်။
ဖေဖော်ဝါရီလကုန်ပိုင်းမှစပြီး မန္တလေး စျေးကွက်အတွင်း ခရမ်းချဥ်သီး(ကိုင်းသီး)စျေးနှုန်း ဆက်တိုက်ကျဆင်းခဲ့ရာ ယနေ့(မတ်၄ရက်) ခရမ်းချဉ်သီးဒိုင်သွင်းဈေးမှာ ၁ပိဿာလျှင် ကျပ် ၈၀ အောက်အထိရောက်နေကြောင်း ကျောက်ဆည်တောင်သူအချို့ထံကသိရသည်။
“မန္တလေးဈေးကွက်အတွင်းမှာကို ခရမ်းချဥ်သီးဈေးနှုန်းတွေက ဆက်တိုက်ကျဆင်းနေတာ တစ်ပိဿာကို ငွေကျပ် ၈၀ အောက်အထိရောက်နေပြီ။ မကိုက်တော့လို့ ကျွဲတွေ နွားတွေကျွေးပစ်ရတယ်။ဆွတ်ပြီးရောင်းရင်လည်း အလုပ်သမားခတောင်ပြန်မရမယ့်အတူတူ နွားကျွေးပစ်နေရတယ်” ဟု ကျောက်ဆည်မြို့နယ်အတွင်းရှိ ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦး ကပြောသည်။
လက်ရှိတွင် ခရမ်းချဥ်သီးစျေးနှုန်းများ ဆက်တိုက်ကျဆင်းနေသောကြောင့် တောင်သူများမှာ တစ်ဦးလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၅၀ ကြားအရှုံးပေါ်နေကြောင်းသိရသည်။
“ဒီနှစ်ကအကြီးအကျယ်ရှုံးတဲ့နှစ်ပဲ။ကျနော်တို့ ၁၀ သိန်းကနေ သိန်း ၅၀ ကြားရှုံးတယ်။ခရမ်းချဥ်မှ မဟုတ်ဘူး။ရာသီပေါ်သီးနှံအားလုံးနီးပါး ဆိုးရွားတဲ့ စျေးကွက် ကမောက်ကမဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်”ဟု မြစ်သားမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။
မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်၊မြစ်သား၊မြစ်ငယ်၊နွားထိုးကြီး၊ရမည်းသင်း၊သာစည် စသည့်မြို့နယ်များတွင် ကိုင်းခရမ်းချဥ်သီးကို အဓိကစိုက်ပျိုးကြောင်းသိရသည်။
“အင်းသီးကတော့ သူ့စျေးနဲ့သူရှိတယ်။၇၀၀လောက်ပေါက်တယ်။ကိုင်းသီးက စျေးမကောင်းတာ။ကိုင်းသီးစျေးပြန်တက်ဖို့က သတင်းတော့မကြားသေးဘူး။နိုင်ငံရေးကြောင့်လည်းပါတယ်။လမ်းပန်းဆက်သွယ်ရေးတွေမကောင်းတာလည်းပါတယ်။ဘက်ပေါင်းစုံပေါ့”ဟု မန္တလေး ကုန်စိမ်းဒိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီ၏ မအောင်မြင်သော အာဏာသိမ်းမှု ၃ နှစ်တာ အတွင်း ရာသီပေါ်သီးနှံအားလုံးနီးပါး ဆိုးရွားသည့် စျေးကွက်မတည်ငြိမ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။