စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို မတ်လ ၂ ရက်၊ ည ၁၁ ခွဲအချိန်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။
ပုလဲမြို့ပေါ် ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ စုစုပေါင်း လက်နက်ကြီးအလုံး ၇၀ ခန့်ဖြင့် အချိန် ၁ နာရီကျော်ကြာမြင့်သည်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Toe Na Yar PDF အဖွဲ့တာဝန်ခံက MPA ကိုပြောသည်။
“ ထွေအုပ်ရုံးကို ပစ်လိုက်တဲ့ ပထမတလုံးမှာတင် သူတို့ဆီတည့်တည့်ကျတော့ ဝရုန်းသုန်းကားနဲ့ ထိတဲ့ ၃ ကောင်ကိုဆွဲပြီး အတွင်းကိုခေါ်သွားတယ်။ သေ၊ မသေတော့ သတင်းလိုက်နေပေမယ့် ယူရခက်နေလို့ အတည်မပြုနိုင်သေးဘူး။ ထိတဲ့ ၃ ယောက်က ထွေအုပ်ရုံးထဲမှာပဲ ရှိသေးတယ်လို့ ကြားရတယ်” ဟု ၎င်းကရှင်းပြသည်။
ပစ်ခတ်ခဲ့သည် လက်နက်ကြီးများသည် ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူပိုင်နေအိမ်များထိခိုက်ခြင်းမရှိကြောင်း ၎င်းကပြောသည်။
ထွေအုပ်ရုံးတွင် လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးခန့်ရှိပြီး မြို့မရဲစခန်းတွင် အယောက် ၄၀ ဝန်းကျင်ရှိကာ ကတုတ်ကျင်းအခိုင်အမာဖြင့်အထိုင်ချထားခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ တပ်ရင်းမှူး ရဲဘော်ပေက ဆိုသည်။
“ ရဲစခန်းထဲဆို ကျင်းတွေတူးထားတယ်။ တခါတလေ အုန်းခနဲ ထုတဲ့အခါဆို ဝင်လိုရတဲ့ ကျင်းကြီး ၄ ကျင်း ရဲစခန်းမှာ ရှိတယ်။ ထွေအုပ်ရုံးမှာကျ ၈ ကျင်းရှိတယ်။ အဲ့ဒီကျင်းတွေက ဝင်အိပ်လို့ပါရတယ်။ ညဆို အဲဒီကျင်းတွေထဲ ဝင်အိပ်ကြတယ်လို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ယင်းမာင်တပ်ရင်း ၂၉ ၊ ယင်းမာပင်တပ်ရင်း ၂၉ ခွဲ ၂ ၊ ယင်းမာပင်ခရိုင်အမှတ်တပ်ရင်း၁၀ ဒေါင်းနက် ၊ ပုလဲဂျော်ကာ ၊ တာဇံ နှင့် ကျားကြီး စသည့် မဟာမိတ် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။