၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ လူ ၃ ဒဿမ ၂သန်းကျော်ကို ကုလသမဂ္ဂက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်မှုအပေါ် အယုံအကြည်မရှိဟု စစ်ရှောင်ကူညီရေးအဖွဲ့အချို့ကဆိုသည်။
မည်သည့်ဒေသက ပြည်သူများကို ထောက်ပံ့မှုပေးအပ်ခဲ့သည်ဟု ပွင့်လင်းမြင်သာစွာထုတ်ပြန်ထားခြင်းမရှိသဖြင့် အယုံအကြည်မရှိကြောင်းနှင့် ပွင့်လင်းမြင်သာစွာထုတ်ပြန်သင့်ကြောင်း မြောင်မြို့နယ်အခြေစိုက် စစ်ရှောင်ကူညီရေးအဖွဲ့ဖြစ်သည့် ကမ်းလက်လေးများအဖွဲ့မှ ကိုဂျိုးကပြောသည်။
“ အမှန်တိုင်းပြောရင်တော့ ယုံကြည်မှုတော့မရှိဘူး။ပွင့်လင်းမြင်သာရင်တော့ ပိုပြီးကောင်းတာပေါ့။ ဘယ်အပိုင်းမှာ သူတို့ထောက်ပံ့မှုရတယ်ဆိုပြီးသိတော့ လိုတဲ့အပိုင်းမှာ ပိုထောက်ပံ့နိုင်တာပေါ့” ဟု ၎င်းကပြောသည်။
၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အနည်းဆုံးလူဦးရေ ၃ ဒဿမ ၂သန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ခဲ့ကြောင်း UNOCHA Myanmar က မတ်လ ၃ရက် တွင် ထုတ်ပြန်ထားသည်။
လူဦးရေ ၃ ဒဿမ ၂သန်းကျော်ကို အကူအညီများပံ့ပိုးပေးနိုင်ခဲ့သော်လည်း ရန်ပုံငွေမပြည့်မီမှုနှင့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ထားမှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်း ပြည့်ဝအောင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂၀၂၄ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁၈ ဒဿမ ၆သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေပြီး အခြေခံလိုအပ်ချက်များ ပြည့်မီနိုင်စွမ်း ကို ထိခိုက်သည့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း၊ ပဋိပက္ခနှင့် မလုံခြုံမှုများ၊ အရပ်သားဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း UNOCHA Myanmar ကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအခြေစိုက် ကုလအဖွဲ့အစည်းများသည် စစ်ကောင်စီတပ်၏ ကန့်သတ်မှုကြောင့် ၂၀၂၃ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများကိုပင် ထိရောက်စွာ အကူအညီမပေးနိုင်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောသည်။
“စစ်ကောင်စီမျက်နှာကြည့်နေရပြီး စစ်ကောင်စီက ပေးဆိုမှ ပေးခွင့်သာတဲ့ ကုလအဖွဲ့အစည်းတွေက စစ်ပွဲတွေနဲ့မဆိုင်တဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကိုတောင် အပေါ်ယံလောက်ပဲ ကူညီပေးနိုင်ခဲ့တာ အားလုံးမျက်မြင်ပါပဲ။ဆိုတော့ အခု UNOCHA ထုတ်ပြန်တဲ့ ၂၀၂၃ခုနှစ်အတွင်း မြန်မာပြည်သူ ၃သန်း ကျော်ကို အကူအညီပေးခဲ့တယ်ဆိုတာ ဘယ်နေရာက မြန်မာပြည်သူတွေကိုပေးခဲ့တာလဲ။တိုက်ရိုက် ပေးခဲ့တာလား၊စစ်တပ် ဒါမှမဟုတ် စစ်တပ်လက်အောက်ခံအဖွဲ့တွေကနေတစ်ဆင့် ပေးခဲ့တာလား။ ဘာတွေပေးခဲ့တာလား။ ပေးခဲ့တဲ့အကူအညီတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်လောက် ပြည်သူတွေ လက်ထဲကို ရောက်မယ်လို့ ယုံသလဲ။ကုလအကူအညီပေးခဲ့တဲ့ ပြည်သူ ၃သန်းကျော်ဆိုတာ စစ်ရှောင် ပြည်သူတွေလား။ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ ပေးခဲ့တာလား။အဲဒီမေးခွန်းတွေကို ပွင့်လင်းမြင်သာစွာ မဖြေဆိုသရွေ့ ဘယ်သူမှ အယုံအကြည်ရှိမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် မြေပြင်သို့ အမှန်တကယ် ရောက် ရှိမှုနည်းပါးသည့်အပြင် စစ်ကောင်စီထံသို့ ရောက်ရှိသွားပါက အလကားဖြစ်သွားမည်ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
“ ယူနီဆက်ဆိုပြီး စစ်သားက အိတ်လေးလွယ်ထားတာကို လိုင်းပေါ်မှာတွေ့လိုက်တယ်။ ကျနော်တို့ ဆီ မရောက်တော့ အတိအကျမသိဘူးပေါ့နော်။ စစ်ကောင်စီဆီ ရောက်သွားမယ်ဆိုရင်တော့ အလ ကားဖြစ်သွားမှာပေါ့။ UNက ကျနော်တို့ကိုတော့ စိတ်မကောင်းဘူးလို့ပဲ ပြောနေမှာပေါ့။ ကျနော်တို့ မြေပြင်မှာကျ လာထောက်ပံ့ရင် ဘယ်အဖွဲ့အစည်းကထောက်ပံ့တာတုံး၊ ဘယ်အရင်းအမြစ်ကရတာ တုံး လိုက်ကြတယ်ပေါ့နော်။ စစ်ကောင်စီနဲ့ ပတ်သတ်တာဆိုရင် ပြည်သူတွေကလည်း လက်မခံကြ ဘူး။ သူတို့မီးရှို့တယ်၊ သူတို့ကပြန်ထောက်ပံ့တယ်ဆိုလို့ရှိရင် အဆင်မပြေဘူးပေါ့နော်” ဟု ၎င်းက ပြော သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လူပေါင်း ၂ဒဿမ၇ သန်းကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ် ကြောင်း UNOCHA Myanmar ကထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နှင့် တုံ့ပြန်ဆောက်ရွက်ရေးအစီအစဉ် အရ လူဦးရေ ၅ ဒဿမ ၃သန်းခန့်ကို လူမှုကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားပြီး ထိုသို့ပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၉၄သန်းလိုအပ်ကြောင်းလည်း UNOCHA Myanmar ကဆိုသည်။
၂၀၂၃ခုနှစ်တွင် လိုအပ်သည့် ရန်ပုံငွေ၏ ၃၇ရာခိုင်နှုန်းသာရရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင် ထိုပမာဏအတိုင်း သာ ရရှိမည်ဆိုပါက ဘေးဒဏ်သင့်ပြည်သူများအတွက် ကြီးမားသည့် အခက်အခဲများဖြစ်စေမည်ဟုလည်း ဆိုသည်။