မြန်မာနိုင်ငံအတွင်းမှ ရခိုင်ပြည်နယ်အား ခွဲထွက်ရန်မရှိသေးကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ မတ်လ ၄ ရက်တွင် ပြုလုပ်သော ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောကြားခဲ့သည်။
“ခွဲထွက်ပြီး သီးခြားနိုင်ငံတော် တည်ထောင်ဖို့ဆန္ဒအနေကတော့ ဒီနေ့ထက်ထိကို မရှိသေးပါဘူး။ ခွဲထွက်ဖို့ကိုလည်း အစီအစဉ်ဆွဲထားတာ မရှိသေးပါဘူး” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
ULA/AA အနေဖြင့် တခြားသူများ၏ အာမခံချက်ထက် မိမိတို့၏ အကောင်းဆုံးပြင်ဆင်ထားသော အာမခံချက်ကိုသာ ပိုပြီးသဘောကျသလို ယင်းအတိုင်းသာလျှင် ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်သူ့ဘက်ကမှ တောင်းဆိုသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် အာမခံချက်ရှိအောင် ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ သီးခြားနိုင်ငံဆိုတာကလည်း အတူတူပေါင်းနေဖို့ မရတော့ဘူးဆိုတဲ့ အခြေအနေမှာဖြစ်လာတဲ့ကိစ္စပါ။ သီးခြားခွဲထွက်တယ်၊ မထွက်တယ်ဆိုတာကတော့ အတူတကွ နေလို့မရခြင်း၊ မရခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
ထို့အတူ အတူတကွပူးပေါင်းနေထိုင်သော်လည်း စိတ်မချမ်းသာဖြစ်နေရသည့် အခြေအနေများနှင့် ရခိုင်ပြည်သူများအား နေ့စဉ်နေ့တိုင်း မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပါက စဉ်းစားစရာများရှိလာကြောင်းလည်း ၎င်းက ဆိုသည်။
“ခွဲထွက်ရေးဆိုတာကတော့ အုပ်ချုပ်ရေးပိုင်းက လုပ်ရမှာပါ။ ခွဲမထွက်ဘဲနဲ့ ကျွန်တော်တို့ ရခိုင်တွေက ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရမယ်ဆိုရင် ဝမ်းမနည်းဘူး။ လူမှုရေး၊ စီးပွားရေးတွေက အကုန်လုံး အဆင်ပြေသွားမှာပဲ ဖြစ်တယ်။ မြန်မာစစ်တပ်က ရခိုင်လူမျိုးတွေကို ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့လို့ စီးပွားရေး၊ လူမှုရေးအစစမှာ အဆင်မပြေခဲ့ဘူး။ တိုင်းနဲ့ပြည်နယ်တွေ အားလုံးမှာ ရခိုင်ပြည်က အဆင်းရဲဆုံး ဖြစ်ခဲ့ရတယ်” ဟု မြောက်ဦးမြို့ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် စစ်ပွဲများ ဖြစ်ပွားခြင်းမရှိသော ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် စာသင်ကျောင်း၊ ဆေးရုံးများကိုပါမီးရှို့ခြင်းတို့ကို လုပ်ဆောင်နေပြီး ရခိုင်ဒေသတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများအနေဖြင့် ဆုံးရှုံးမှုများ များစွာရှိနေကြောင်း သိရသည်။