မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော်ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။
ငါန်းဇွန်မြို့မှ ရေဇင်းရွာသို့ မတ်လ ၂ ရက်၊ ညနေ ၆ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောကားနှစ်စီးဖြင့်ရောက်ရှိလာပြီးနောက် လက်ပံသာ၊ ခေါင်းပို၊ ကံသာကျေးရွာများဘက်သို့ခြေလျင်စစ်ကြောင်းထိုးနေသောကြောင့် အဆိုပါရွာခံများနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင်နေထိုင်သူများပါ စစ်ဘေးရှောင်နေရကြောင်း CDSOM တပ်ခွဲ Ngazun Revolution Force တာ၀န်ခံ ကိုအစိကပြောသည်။
“ ရောက်ရောက်ချင်းကံသာမှာ အင်အား ၅၀ လောက်ရှိမယ်၊ လက်ပံသာမှာ အင်အား ၃၀လောက်ရှိမယ်၊ အထိုင်ချတပ်စွဲထားတာ၊ ဖောကားက နတ်ကြီးဘက်ပြန်ပတ်သွားတာ၊ အခုနေ့(မတ်လ ၄ ရက်) ကအောင်သာရွာဘက်ပါထပ်ထိုးနေတာစစ်ကြောင်းက” ဟု ၎င်းကရှင်းပြသည်။
ထိုသို့စစ်ကြောင်းထိုးမှုများကြောင့် လက်ပံသာ၊ ရေဇင်း၊ ကံသာ၊ မြောက်ကျွန်း၊ အောင်သာရွာအပါအ၀င် ၎င်းတို့အနီးပတ်၀န်းကျင်ရှိ ရွာငယ်လေးများအပါ ဒေသခံ ၃၀၀ကျော်စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“ စစ်ကြောင်းက ခဏခဏထိုးနေတာ၊ တောင်သူတွေလည်း လယ်မလုပ်ရဘူး။ သီးနှံတွေလည်းဆုံးရှုံးမှုရှိတယ်၊စား၀တ်နေရေးပါခက်ခဲနေတယ်” ဟု ကိုအစိကဆက်လက်ပြောသည်။
လက်ပံသာကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးကလည်း “ မနေ့က(မတ်လ ၃ ရက်နေ့) မနက် ၁၀ နာရီကတည်းက လက်ပံသာမှာ လူတွေဖမ်းပြီးလိုက်စစ်နေတာ၊ တစ်ချို့အမျိုးသမီးတွေက မရှောင်နိုင်ကြဘူး။ တစ်ချို့အသက်အရွယ်ရတဲ့ အမျိုးသားတွေကမရှောင်ဘူးလေ အဲ့ဒီလူတွေကို PDF ထောက်ခံတယ်ဆိုပြီးလိုက်ဖမ်းနေကြတာ၊ ညနေပိုင်းတော့ပြန်လွှတ်ပေးတယ်ဖမ်းထားတဲ့လူတွေကို” ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ကျီးကုန်းကျွန်းကျေးရွာရှိ လူနေအိမ် ၃၂ လုံးကိုမီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ၈ ဦးကိုလည်းဖမ်းဆီးသွားကြောင်းသိရသည်။