မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားမှုကြောင့် အသက် ၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (မတ်လ ၂ရက်)၊ မနက် ၅နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း၊ ၁၁၃လမ်းနှင့် ၁၁၄လမ်းကြားရှိ နေအိမ်၄လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက MPAသို့ ပြောသည်။
“ မနက်အစောပိုင်းက ဖြစ်သွားတာ၊ အိမ် ၄လုံးလောက်တော့ ပါသွားတယ်။ မိန်းကလေးတစ်ယောက်လည်း မီးထဲပါသွားတယ်။ ဘာလို့လောင်တာလဲတော့ မသိရသေးဘူး” ဟု ချမ်းမြသာစည်မြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြော သည်။
ယခုနှစ်အတွင်း ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုများ ခပ်စိပ်စိပ်ဖြစ်နေကာ ၂လအတွင်း နေအိမ်မီးလောင်မှုများကြောင့် ပြည်သူ ၂ဦးခန့် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ နွေတောင် ကောင်းကောင်း မရောက်သေးဘူး။ မီးလောင်မှုတွေက ဖြစ်နေတော့ အစစအရာရာ ဂရုစိုက်ရတယ်။ မီးခလုတ်တွေ၊ ဝါယာတွေက အစ အကုန်ပြန်စစ်ရတယ်။ အိမ်တစ်အိမ်ရဲ့တန်ဖိုးဆိုတာ မနည်းသလို အသက်ကလည်း အရေးကြီးတယ်လေ” ဟု အမရပူရမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ(၉)ရက်က အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနဲ့ (၂၃)လမ်းကြား၊ (၈၃) လမ်းရှိ ဖုန်းဆိုင်တွင် လျှပ်စစ်မီး ပြတ်တောက်ချိန် ပေါင်းအိုးကြိုး မဖြုတ်ထားရာမှ လျှပ်စစ်မီးပြန်လာချိန် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။