မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ အလင်းဝင်ရန် ကြံစည်သည့် ပျူစောထီး၂ဦးကို စစ်သားများက မသေရုံတမယ် ရိုက်နှက်ခဲ့ ကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်း မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ အလင်းဝင်ရန်ကြံစည်သည့် ပျူစောထီး ၂ ဦးအကြောင်း သတင်းပေါက်ကြားခဲ့ရာ စစ်သားများနှင့်ပျူစောထီးခေါင်းဆောင်တို့က ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။
“ကျမတို့လည်း အရင်တော့ PDF ကိုကြောက်တယ်။ကိုယ့်တွေ့ကြုံမှ တကယ်ကူညီပါလား။သူတို့(စစ်သား)ပြောတာနဲ့ အပြင်မှာကြုံရတာ တခြားစီပါလားဆိုတာ သိရတာ။ရွာမှာ ကျန်ခဲ့တဲ့သူတွေကိုလည်း ထွက်လာစေချင်တယ်။ရွာမှာလည်း စားနပ်ရိက္ခာတွေပြတ်နေပြီ။ကျမ မောင်နဲ့ တူ ကိုလည်း ထွက်ပြေးဖို့ လုပ်တာကို သိသွားလို့ ရိုက်လိုက်ကြတာ ထတောင်မထနိုင်ဘူး”ဟု ကန်နီပျူစောထီးကျေးရွာမှ လွတ်မြောက်လာသူအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းရိုက်နှက်ခံရသူ၂ဦးမှာ အသက်မသေသော်လည်း ၎င်းတို့၏ လတ်တလောကျန်းမာရေးအခြေ အနေကိုမူ မသိရသေးပေ။
မြိုင်ပျူစောထီးကျေးရွာများမှ ထွက်ပြေးလွတ်မြောက်လာသည့်ပြည်သူများကို မြိုင်(ပကဖ)က လုံခြုံစိတ်ချရသည့်ဒေသသို့ ပို့ဆောင်ပေးခဲ့နေကြောင်းသိရသည်။
“ကန်နီပျူစောထီးရွာက မိသားစု ၁ စုကို လွတ်မြောက်ရာသို့ပို့ဆောင်ပေးခဲ့တယ်။အရင်က မိသားစုတွေကိုလည်း အဲ့လိုပါပဲ။ကျနော်တို့ နယ်မြေမှာတော့မထားဘူး။ပျူတွေ လက်နက်၊ခဲယမ်းနဲ့ ဝင်လာရင်လည်း အမျိုးအစားအလိုက် ဆုပေးပါမယ်” ဟု မြိုင်ပကဖ တာဝန်ခံ ဗိုလ်လကျာ် ကပြောသည်။
မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများဖြစ်သည့် ကန်နီ၊ သရက်ကွ၊ဝက်ပုတ်၊တွင်းမနှင့် သရက်ကန်ကျေးရွာတို့ရှိ ပြည်သူအများစုမှာ ထွက်ပြေးလွတ်မြောက်လာကြပြီဖြစ်ကြောင်းသိရသည်။