ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာရှိ ကျောက်ဝိုင်းထဲသို့ ယမန်နေ့ (မတ်လ ၁ ရက်)၊ ညနေ ၆ နာရီတွင် ရဲတပ်ရင်း ၃၀ မှ ပစ်ခက်သည့် လက်နက်ကြီးကျ၍ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ လူစည်နေတဲ့ ကျောက်ပွဲရုံထိပ်ကို လက်နက်ကြီး ကျတာ၊ စစ်တပ်က သူတို့နာပြီဆိုရင် ပြည်သူတွေကို ပစ်မှတ်ထားတာပဲ၊ ဝှေခါက စစ်ရှောင်မိသားစု သုံးဦးဒဏ်ရာရတာပါ၊ သူတို့ရွာမှာ လက်နက်ကြီးကြောက်လို့ ဆိုင်းတောင်ရွာဘက်ကို လာမှ လက်နက်ကြီးထိသွားတာ” ဟု ဆိုင်းတောင်ဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ဖားကန့်မြို့တွင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး၊ အမျိုးသားတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
“ တာမခံရွာမှာ တိုက်ပွဲဖြစ်ကတည်းက နှစ်ဖက်တပ်ဖွဲ့တွေကနေပစ်နေတာ၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံကတော့ ပျက်စီးမှုတွေ များနေပြီ။ ခမရ ၁၁၉ က ဖားကန့်ဗျူဟာကုန်းအတွက် အဓိကထောက်တိုင်ပဲ၊ အဲဒီ့စခန်းကို KIA က သိမ်းနိုင်ရင် ဖားကန့်ကိုဝင်လို့ရတော့မှာမို့လို စစ်တပ်ကလည်း အပြင်းအထန်ခုခံနေတယ်” ဟု ၎င်းက ဆိုသည်။
“ ဖားကန့်နဲ့ တာမခံရွာက ဆယ်မိုင်ကျော်ပဲ ဝေးတယ်၊ တာမခံရွာဘက်ကလည်း ဟောင်ပါးနဲ့ ဖားကန့်ဘက်ကို လာရှောင်ကြတယ်၊ ဒါပေမယ့် တိုက်ပွဲဖြစ်နေတော့ ဖားကန့်တဝိုက်ကတော့ တအုန်းအုန်းနဲ့ပဲ” ဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဖားကန့်မြို့အတွင်းရှိ ဝှေခါရဲစခန်း၊ ဝှေခါစစ်ကောင်စီစခန်းနှင့် နန့်တိန်စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။