ရန်ကုန်မြို့ရှိ ဘာသာရေးအဆောက်အအုံများကို ယခုလအတွင်း စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးနေကြောင်းသိရသည်။
ဖေဖော်ဝါရီ ၇ရက်နေ့ညပိုင်းက အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက် ၊ အေးသာယာလမ်းသွယ်(၁)ရှိ အရှိုချင်း နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းသို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။
“ ခရစ်ယာန် ဘုရားကျောင်းတွေကို စစ်လာတာတွေ့ရတယ်။ ၇ ရက်နေ့ကဘုရားကျောင်းမှာရှိတဲ့ လူငယ်တွေနဲ့ လူကြီးတွေကို ဖမ်းသွားပြီး တစ်ဦးကို ၅သောင်းကနေ ၄သိန်းကြားထိ ဒဏ်ငွေဆိုပြီး တောင်းတယ်။ပြန်လွှတ်ပေးတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၁ရက်နေ့ကလည်းတာမွေမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်သို့ စစ်ကောင်စီတပ်က ည ၁၀နာရီ ကျော်တွင် ရှောင်တခင်ဝင်ရောက် ဧည့်စာရင်းစစ်ခဲ့ပြီး ဖမ်းဆီးခံရသူများရှိကြောင်း စမ်းချောင်း PDF ရဲဘော် Black Iceက ပြောသည်။
“ ၁၁ရက်နေ့က အောင်မင်္ဂလာကျောင်းမှာ နေတဲ့ ပြည်သူ ၇ဦး ဖမ်းဆီးခံရတယ်။ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းတာပါ။ပြန်လွတ်တယ်လို့ကြားတယ်။ပိုက်ဆံတော့ ပေးရမယ်ထင်တယ်။ဒီလ ၈ရက်နေ့ကလည်း စမ်းချောင်း လင်းတောင်ရပ်ကွက် ၊ အနောက်ဥယျာဉ်တိုက်ဝင်းထဲက ကံကော်ပင်ဘုန်းကြီးကျောင်းကို ညနေဘက်ကြီး ဧည့်ဝင်စစ်တာလည်း ရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ဘာသာရေးအဆောက်အအုံများအပြင် ဘော်ဒါဆောင်များ၊ဆောက်လက်စ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊သင်တန်းကျောင်းများသာမက ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အလတ်ချောင်းရွာ၊အောက်ရုံရွာနှင့် ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒိုတို့ကိုပါ ရှောင်တခင် ဧည့်စာရင်းဝင် စစ်ခဲ့ပြီး ပြည်သူ ၇၀ကျော်ကို ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်းက ဖမ်းဆီးကာ ငွေညှစ်ခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။
“ ဧည့်စာရင်းစစ်ရင်းနဲ့ တော်လှန်ရေးရဲဘော်တွေကို ရှာဖွေလာတာတွေ့ရတယ်။လှိုင်သာယာ ၁ထိပ်က ဆိုဒ်(ဆောက်လက်စတိုက်)ထဲကိုပါ ဝင်ရှာလာတယ်။ဘုန်းကြီးကျောင်းတွေ၊Church ကျောင်းတွေပါမချန် ရှာလာတာဆိုတော့ စစ်တပ်ဘက်က လုံခြုံရေးကို တော်တော်တင်းကျပ်လာတာတွေ့ရတယ်။နောက်တစ်ခု ရဲတွေ စစ်သားတွေ ပိုက်ဆံရှာလို့ရအောင် တစ်ဖက်က ဂွင်ချပေးတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၇ရက်နေ့မှ ဖေဖော်ဝါရီ ၁၃ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ လှိုင်၊တိုက်ကြီး၊မရမ်းကုန်း၊အင်းစိန်၊မြောက်ဒဂုံ၊သန်လျင်၊လှိုင်သာယာ၊သင်္ဃန်းကျွန်း၊တာမွေ၊ကမာရွတ်၊ကျောက်တံတား၊သုဝဏ္ဏ၊ရွှေပြည်သာ၊ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်တို့တွင် ရှောင်တခင်ဧည့်စာရင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ကင်းပတ်နေသည့်စစ်ကားများအား သေချာကြည့်နေသူများကိုပါ မချန် ဖမ်းဆီး နေကြောင်း သိရသည်။