မကွေးတိုင်း၊ စလင်းမြို့နယ် ၊ ကြို၀န်းကျေးရွာ အနောက်တောင်ဘက်ရှိ လယ်ကွင်းထဲသို့ စစ်ကောင်စီ ၏ တိုက်လေယာဉ် တစ်စင်း စက်ချို့ယွင်း၍ ပျက်ကျ ခဲ့ရာ လေယာဉ်မှူး၂ဦးမှာ မသေကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ၀န်းကျင်၌ ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ်မှူး ၂ ဦးမှာ လေထီးဖြင့် ခုန်ချ လွတ်မြောက် သွားခဲ့ကြောင်း သိရသည်။
” တိုက်လေယာဉ် သံ ကြားပြီး မကြာဘူး။ စက်ချို့ယွင်းတဲ့ အသံလိုမျိုး အကျယ်ကြီး ကြားလိုက်တယ်။ အဲဒါပြီး ခဏနေတော့ လေထီး ၂ ခု ကျလာ တာပါ။ လေထီးနဲ့ လေယာဉ်မှူး ၂ ယောက် အောက် မရောက်ခင်မှာပဲ လေယာဉ်က အောက်ကျပြီး မီးလောင် သွားခဲ့တယ် ” ဟု စလင်းဒေသခံ တစ်ဦးက ပြောသည်။
တိုက်လေယာဉ် ပျက်ကျသော နယ်မြေမှာ စစ်ကောင်စီတပ် စိုးမိုး နယ်မြေဖြစ်ကာ စလင်း မြို့နယ် အတွင်းရှိ ခလရ၂၅၃၊ ၂၅၄နှင့် ၂၅၅ တပ်ရင်းတို့တည်ရှိရာ ဝောာစိမ့် တိုက်နယ် အတွင်း၌ ဖြစ်ကြောင်း သိရသည်။
” ခု ပျက်ကျတဲ့ နယ်မြေက ကျနော်တို့ တော်လှန်ရေး နယ်မြေ နဲ့ တော်တော်လေး လှမ်းပါတယ်။အ ခု ပျက်ကျပြီးတော့ စစ်တပ်က အနီးအနား ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ နဲ့ စလင်း နယ်မြေ ရဲစခန်းက ရဲတွေ ၊ ခလရ တပ်ရင်းက စစ်ကား တွေ နဲ့ လာကြည့် ခိုင်းနေတယ်။ဂျက်လေယာဉ်တွေ ရော လာတယ် ” ဟု စလင်းမြို့နယ် ပကဖ တာ၀န်ခံ ကိုမျိုးလေး က ပြောသည်။
ပျက်ကျသွားသော တိုက်လေယာဉ်မှာ မကွေးလေတပ်မှ တက်လာခြင်း ဖြစ်ပြီး မည်သည့်နေရာသို့ သွားမှန်း မသိရပေ။
” ဘယ်ကို သွားမလို့ လဲတော့ သေချာ မသိရဘူး။ အောက်ကျတော့ အသံ ကျယ် ကျယ် ပေါက်ကွဲ တာမျိုး မကြားရဘူးဆိုတော့ ဗုံးသီး တွေ လည်း မပါဖို့ များတယ်။ နောက်ပြီး မီးလောင်ပြီး အနေအထားမှာ တခြား လူလည်း မပါဘူး ” ၎င်းက ဆက်လက်ပြောသည်။
လေယာဉ် ပျက်ကျသော နယ်မြေ တစ်ဝိုက်ကို စစ်သားနှင့်ရဲ တို့ လုံခြုံရေး ယူကာ လူအဝင်အထွက် ပိတ်ထားကြောင်း သိရသည်။
လေထီးခုန်၍ လွတ်မြောက်သွားသော လေယာဉ်မှူး ၂ ဦးကို စစ် တပ်အတွင်းသို့ ပြန်လည် ခေါ်သွားပြီ ဖြစ်ကြောင်း စလင်းပကဖ ထံက သိရသည်။