ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာသို့ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ၊ နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)၊ မနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၈လုံးကြဲချခဲ့သည့်အပြင် လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားသည်။
“ရွာခံတွေတော့ ထွက်ပြေးကုန်ကြပြီး တိုက်ပွဲတော့မဖြစ်ဘူး။ စစ်တပ်က ဒီတိုင်းပဲလာကြဲသွားတယ်။ အမျိုးသားတစ်ဦးတော့ ဆုံးသွားပြီပေါ့”ဟု ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ ဗုံးကြဲခဲ့သည့် နားခိုက်ကျေးရွာသည် PNLA တပ်စွဲထားခြင်းမရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)၊ နေ့လယ် ၁၂နာရီခန့်တွင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပင်လျမ်းဘုန်း တော်ကြီးကျောင်းသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့သေးသည်။
“မနေ့ကတစ်နေကုန် ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က လေယာဉ်နဲ့ ကြဲတယ်။ ဒေသခံလည်း တောင်ပြေး၊ မြောက်ပြေး လုပ်နေရတယ်။ ဒုက္ခတအားရောက်နေတယ်”ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု တဖူꩻကဲင်းရွာသို့ စစ်ကောင်စီက ဗုံးကြဲမှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီသည် ဆီဆိုင်မြို့သို့ ဇန်နဝါရီ ၂၄ရက်မှ ဖေဖော်ဝါရီ ၂၈ရက်အထိ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ၆ လသားအရွယ် ကလေးငယ် ၁ဦးအပါအဝင် ၁၂ဦးသေဆုံးခဲ့ပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။