ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်)၊ ည ၇ နာရီမှ ၉ နာရီအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၆၀၁ နှင့် ၃၁၉ ကြားရှိ မံစီအခြေစိုက် အမြောက်တပ်ရင်းက မံစီမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ မံစီအခြေစိုက် အမြောက်တပ်ရင်းကနေ လက်နက်ကြီးနဲ့ သုံးခါလောက်ပစ်တာ၊ မောရဝတီရပ်ကွက်ထဲကိုကျပြီး ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက်၊ ဝမ်းဗိုက်တွေ ဒဏ်ရာရတယ်။ မံစီဆေးရုံကြီးကို ပို့ထားပြီ” ဟု မံစီဒေသခံ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၇ ရက်တွင် မံစီမြို့နယ်၊ သံတံတားကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ ခန့်ကို KIAပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီးနောက်၊ စစ်ကောင်စီတပ်က သံတံတားကျေးရွာမှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
“ ပြည်သူတစ်ဦး အသတ်ခံလိုက်ရတယ်။ စစ်ကြောင်းက အခုထိ သံတံတားရွာမှာဘဲ ရှိနေတယ်။ စီခမ်းကြီးကို ပြန်လိုချင်နေတာလေ၊ စီခမ်းကြီးစခန်းက သူတို့အတွက် အဓိကစခန်းတစ်ခုပဲ” ဟု သံတံတားကျေးရွာနှင့် နီးစပ်သူ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် KIA၊ AA နှင့် KPDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မံစီမြို့နယ်ရှိ စီခမ်းကြီးစခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများအပြင်၊ မံစီနှင့် ရွှေကူဘက်မှ အင်အား ၃၀၀ ခန့်ဖြင့်လည်း စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။
“ ဒီနေ့ မနက်ကိုဘဲ ပေါင်ငါးရာဗုံး နှစ်လုံးနဲ့ ကြဲသွားတယ်ဗျ” ဟု မံစီဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက စီခမ်းကြီးစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။