KNU၊ တပ်မဟာ ၆ နယ်မြေ၊ ဘားအံ-မြဝတီ အာရှလမ်းပိုင်းနှင့် ကောကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း အထိအခိုက်အကျအဆုံးနည်းသည့်ပုံစံမျိုးဖြင့် စစ်ဆင်ရေးတိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့် ရာနှုန်းပြည့်ထိန်းချုပ်နိုင်ရန် လနှင့်ချီကြာမြင့်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ တဟုန်ထိုးလုပ်တဲ့အခါမှာလည်း တစ်ခါတစ်လေ ကျွန်တော်တို့ဘက်က ကျည်ခဲယမ်းအားနည်းချက်ရှိသလို၊ တစ်ခါတစ်လေကျတော့လဲ မတန်မရာကိစ္စရပ်တွေရှိတယ်။ ကျွန်တော်တို့က ကိုယ်စိုးမိုးထိန်းချုပ်ထားပြီးသားဖြစ်တဲ့အတွက် အချိန်မရွေးထပြီးတော့ စစ်ဆင်ရေးကို အရှိန်မြှင့်လို့ရတဲ့ ပုံစံမျိုးပေါ့။ အခုလဲအရှိန်မြှင့်ပြီးသွားနေတာဆိုပဲပေမယ့် ဖြည်းဖြည်းဘဲ ကျွန်တော်တို့ သွားနေတာပေါ့။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအားလုံး အထိအခိုက်အကျအဆုံးနည်းတဲ့ပုံစံနဲ့စစ်ဆင်ရေးလုပ်နေတာပေါ့” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ကော့ကရိတ်မြို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ အချိန် ၃ လနီးပါးကြာမြင့်နေပြီဖြစ်ပြီး မြဝတီ – ကော့ကရိတ် အာရှကုန်သွယ်ရေး လမ်းမကြီးအားခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်းလည်း သိရသည်။
“ မြို့သိမ်းဖို့ကြာတယ်ဆိုတဲ့ဟာကတော့ မဟုတ်ပါဘူး။ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ်နဲ့ သိမ်းလို့ရတဲ့ မြို့လဲရှိနိုင်သလို လနဲ့ချီပြီးသိမ်းရတဲ့ မြို့လည်းရှိနိုင်တယ်။ ကော့ကရိတ်မြို့ဆိုရင်လည်း တခြားနယ်စပ်မြို့တွေလိုမဟုတ်ဘူး။ တစ်ကယ့်စစ်တပ်ရဲ့အခိုင်အမာမြို့ကြီးဖြစ်တယ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ ကျွန်တော်တို့ လုပ်ရတာတော့ တခြားမြို့သိမ်းတဲ့ဟာတွေထက်တော့ နည်းနည်းပိုပြီးခက်ခဲမှုရှိတယ်ပေါ့နော်။ သေချာတာကတော့ ကျွန်တော်တို့ ဒီစစ်ဆင်ရေးက နောက်ကိုပြန်ဆုတ်မှာမဟုတ်ပါဘူး” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
လက်ရှိတိုက်ပွဲကာလအတွင်း အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ချအညံ့ခံသူ ၁၄ ဦး၊ သေဆုံးသူအရေအတွက် ၃၀ ဦး၊ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ရဲ့ အစီစဥ်က အာရှလမ်းမကို ထိန်းချုပ်မယ် မြို့တွင်းတိုက်ပွဲတွေဖော်ဆောင်မယ်။ ကျွန်တော်တို့ တပ်မဟာ ၆ ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းမှန်သမျှကိုလည်း အပြီးသတ် တိုက်ထုတ်ချေမှုန်းသွားပါမယ်။ အခု ကော့ကရိတ်မြို့ကိုလည်း နေ့စဥ်နဲ့အမျှ တိုက်ပွဲများဖော်ဆောင်ပြီး ကျွန်တော်တို့ တက်ရောက်နိုင်သမျှတက်တယ်၊ ရန်သူနဲ့အနီးဆုံးကို ကျွန်တော်တို့ တစ်ဖြေးဖြေးတက်နေပါတယ်” ဟု KNU နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပြီး စစ်ရှောင်ပြည်သူများ၏ နေအိမ်များကိုလည်း လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဥ်ပစ်ခတ်လျှက်ရှိပြီး နေအိမ်များကို မီးရှို့ခြင်းနှင့် ပစ္စည်းများကိုလည်း ဖောက်ထွင်းခိုးယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ မြို့တွင်းတိုက်ပွဲက ဘာလို့ကြာလဲဆိုရင် နေရာဒေသနဲ့ အခြေနေတွေက မတူကြဘူးလေ။ မြောက်ပိုင်းနဲ့နှိုင်းလို့လည်းမရပါဘူး။ အဓိက မဟာမိတ်အင်အား၊ လက်နက်အင်အားစသဖြင့် အများကြီးကွာခြားမှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ စနစ်တကျတစ်ဆင့်ခြင်း သွားနေရပါတယ်” ဟု KNU နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆက်လက်ရှင်းပြသည်။
ကော့ကရိတ်မြို့တွင်နေထိုင်သည့် ဒေသခံပြည်သူများနှင့် မြို့အနီးကျေးရွာများတွင်နေထိုင်သော ပြည်သူ ၃ သောင်းကျော်မှာလည်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး တိမ်းရှောင်ချိန်ကြမြင့်လာသည့်နှင့်အမျှ အခက်အခဲများကြုံတွေ့နေရကြောင်းလည်း သိရသည်။
“ အခု မော်လမြိုင်စစ်ရှောင်စခန်းမှာ ပြောင်းနေနေပါတယ်။ အပြင်မှာ အိမ်ငှားနေတာ အဆင်မပြေလို့လာနေလိုက်တာ။ ထမင်းနဲ့ဟင်းနှစ်ကြိမ်ကျွေးပါတယ်။ မနက်မုန့်နဲ့အပြင်သုံးတော့ ကုန်ပါတယ်။ အခက်ခဲကရေ၀ယ်သုံးရတာပါ” ဟု ကော့ကရိတ်မြို့တွင်နေထိုင်သည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကဆိုသည်။
KNU၊ တပ်မဟာ ၆ နယ်မြေအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် ၂ သောင်းကျော်၊ ဝင်းရေးမြို့နယ်တွင် ၂ သောင်းကျော်နှင့် နို့တကောမြို့နယ်တွင် ၂ သောင်းဝန်းကျင် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၉ သောင်းဝန်းကျင်ရှိလာပြီး စားနပ်ရိက္ခာလိုအပ်ချက်များလည်းရှိနေကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။