စစ်ကောင်စီခန့်မွန်ဝန်ကြီးချုပ်၏ ညီမ ဖွင့်လှစ်နေသော ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်း ကို နေရာသစ်သို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊သက္ကောရွာ ရော်ဘာခြံတွင် ၁နှစ်ကျော်ကြာ ဖွင့်လှစ်ခဲ့သော လောင်းကစားဝိုင်းကို ကုလားဘီရွာနှင့် တကူပတီရွာကြားရှိ ကုလားဘီရွာအပိုင် ရော်ဘာခြံထဲသို့ ဖေဖေါ်ဝါရီ၂၁ရက်က ပြောင်းရွှေ့ဖွင့်လှစ်လိုက်ကြောင်း ချောင်းဆုံမြို့ခံများ ထံက သိရသည်။
“သက္ကောမှာ ဖွင့်တာ ကြာလည်းကြာပြီ။ခင်ဗျားတို့ မီဒီယာတွေမှာလည်း ဝန်ကြီးချုပ်ညီမဝမ်းကွဲ ဖွင့် နေတာ ဝိုင်းရေးကြလို့ အော်ချက်ဖြစ်သွားလို့ နေရာပြောင်းတာလို့ သိရတယ်။ကုလားဘီအုပ်ကြီး အေးကို ဆိုတာကလည်း ဝန်ကြီးချုပ်အားကိုးရတဲ့ကောင်ဆိုတော့ စိတ်ချတယ်လေ။အေးကို ကိုလည်း လိုင်းကြေးပေးစားတာပေါ့”ဟု ချောင်းဆုံ မြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းအားလုံးကို စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ ညီမဝမ်းကွဲ ခင်ပန်းက ဖွင့်လှစ်နေခြင်းဖြစ်ပြီး ဝန်ကြီးချုပ်၏ တပည့် ချောင်းဆုံ စရဖ(စစ် ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ဖြိုးမင်းထွန်းနှင့် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင် ဝင်းတို့က တာဝန်ယူ ကြီးကြပ်ပေးနေကြောင်း သိရသည်။
“အခုကုလားဘီရော်ဘာတောနေရာက အရင် ၂၀၂၂ခုနှစ်တုန်းက မွန်ငြိမ်းချမ်းရေးတပ်ကကောင် တော်တော်ကြာကြာလာဖွင့်သေးတယ်။ပြီးတော့မှ သက္ကောကို ပြောင်းတာ။အခု နေရာဟောင်းမှာ ပြန်လာဖွင့်တာ။အခုစစချင်းမို့လားမသိဘူး။သက္ကောဝိုင်းလောက် မစည်သေးဘူး”ဟု ချောင်းဆုံမြို့ နယ်၊မရမ်းရွာသားတစ်ဦးကပြောသည်။
ဝန်ကြီးချုပ်ညီမဝမ်းကွဲ ဖွင့်လှစ်သော လောင်းကစားဝိုင်းဖြစ်ခြင်းနှင့်စရဖနှင့် ထွေအုပ်တို့က ကြီးကြပ် နေခြင်းတို့ကြောင့် ရဲတပ်ဖွဲ့ဝင်တို့မှာ လိုင်းကြေးအနည်းငယ်သာရကြောင်း သိရသည်။
“တကယ်ဆို လောင်းကစားဝိုင်းဆိုတာက ရဲတွေနဲ့တိုက်ရိုက်ဆိုင်တဲ့ လမ်းကြောင်းလေ။အခုက ရဲတွေက ကပ်လို့တောင်မရဘူး။အဖျားအနားပဲ စားရတာဆိုတော့ ရဲနဲ့ ချောင်းဆုံထွေအုပ် ဇော်နိုင်ဝင်း တို့နဲ့က လုံးဝမကြည်ကြဘူး”ဟု ချောင်းဆုံအနောက်ပိုင်းရပ်ကွက်နေ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းလောင်းကစားဝိုင်းတွင် အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် ကြက်ဝိုင်းတို့ရှိပြီး ချောင်းဆုံမြို့အနီးရှိ မော်လမြိုင်၊ပေါင်၊မုဒုံနှင့်ကျိုက်မရာမြို့တို့က လက်ကြီးလောင်းကစားသမားများပါ လာကစားကြ ကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘာသာရေးဆိုင်ရာခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဇာတ်ပွဲ များ သွင်းကြပြီး လောင်းကစားဝိုင်းများလည်း ထည့်သွင်းပြုလုပ်လျက်ရှိသည်။
“ချောင်းဆုံမှာ ညဘက် ဇာတ်ပွဲတွေမှာ လုပ်တဲ့ လောင်းကစားဝိုင်းကလည်း ခင်ပန်းပဲ လုပ်တာ။အစ် ကိုက ဝန်ကြီးချုပ်၊ညီမက လောင်းကစားဒိုင်ချုပ်၊ပေါင်းပြီးလုပ်စားကြတာပေါ့။ဝန်ကြီးချုပ်က ချောင်း ဆုံသားဖြစ်တာတောင် ကိုယ့်မြို့ကိုယ့်ရွာကို လောင်းကစားနွံထဲနစ်အောင် ဒုက္ခပေးရဲတဲ့ကောင်ဆို တော့ ဘနဖူးသိုက်တူးတဲ့ကောင်စားပေါ့”ဟု ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းက ပြောသည်။
ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ ရွာဖြစ်သော ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာတွင် ဇန်နဝါရီ၁၈ရက် ညက ဘာသာရေးအကြောင်းပြ ဇာတ်ပွဲ သွင်းရာ၌ လောင်းကစားဝိုင်းများ ထည့်သွင်းခဲ့သေးသည်။