စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးပျူစောထီးရွာမှ ကင်းလှည့်ထွက်လာသည့် ပျူစောထီးသုံးဦးကို တိုက်ခိုက်ခဲ့ရာ သုံးဦးလုံးသေဆုံးခဲ့ပြီး လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း Shwebo Crocodileက ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်၊ ညနေ ၆နာရီခန့်က သီလုံးပျူစောထီးရွာမှ ပျူစောထီးများကင်းလှည့်မည်ကို ကြိုတင်သတင်းရထားသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Shwebo Crocodile တာ၀န်ခံ ဗိုလ်မိကျောင်းကပြော သည်။
“ အဲ့ဒီပျူရွာမှာက ပျူစောထီးအင်ချားတင် ၆၀ကျော်တယ်။ ၂၀၂၁၊ ဧပြီလထဲက ရွှေဘိုမြို့နယ်ထဲမှာ ပထမဆုံးဖွဲ့စည်းထားတဲ့ ပျူရွာလေ၊ သူတို့က ညနေတိုင်း ကင်းပတ်နေကျဆိုတာကို သတင်းရလို့ သွားစောင့်ပြီး တိုက်ခိုက်ခဲ့တာ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပျူစောထီးများထံမှ ကာဘိုင် သေနတ်သုံးလက်၊ ကျည်ဘောက်ငါးခု၊ ဗုံးနှစ်လုံး၊ ကျည်အချို့နှင့် ဆေးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ သူတို့(ပျူစောထီး)အလောင်းတွေကို ည၉နာရီလောက်မှာ စစ်သားတွေရယ်၊ ပန်းရံပျူစောထီးနဲ့ သီလုံးကျေးရွာပျူစောထီးတွေပေါင်းပြီး အလောင်းလာကောက်သွားတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါစစ်ဆင်ရေးကို Shwebo Crocodile၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ၊ EYE FOR EYEတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။