ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမှတ်(၆)သကြားစက်အနီးတွင် ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသည့် စစ်သားနှင့်ရဲတို့ကို တိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ရက်တွင် စစ်သားနှင့်ရဲ စုစုပေါင်းအင်အား ၂၀ခန့် ရှိနေချိန်၌ Daung Minn Thar -Yedaashe -PDFနှင့် ပူးပေါင်းတပ်ဖွဲ့များကရှေ့ထွက်မိုင်းတစ်လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား၂ဦးနှင့် ရဲ၁ဦး သေဆုံး ကြောင်းDaung Minn Thar -Yedaashe – PDF ကယနေ့(ဖေဖေါ်ဝါရီ၂၈ရက်) ထုတ်ပြန်သည်။
“ ကျနော်တို့ မိုင်းဆွဲပြီး မကြာဘူး။ သေနတ်တွေနဲ့ အနီးဝန်းကျင်ကို ရမ်းပစ်နေတာ”ဟု Daung Minn Thar -Yedaashe –PDF ၏ ဘဏ္ဍာရေးနှင့် ထောက်ပို့ တာဝန်ခံ ရဲဘော်ဒေါင်းဖြူက ပြောသည်။
မိုင်းဆွဲခံရမှုကြောင့် နောက်ထပ်၃ဦးလည်း ဒဏ်ရာရခဲ့ပြီးစစ်ကောင်စီတပ်၏ ပြန်လည်ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ မိုင်းဆွဲပြီးတော့မှ သူတို့ဘက်က ဆဲဆိုပြီး လက်နက်ငယ်တွေနဲ့ ခြုံတွေရှိရာကို ရမ်းပစ်ကြတာ။လူလည်းမရှိဘဲ ပစ်နေတာမို့ ဘယ်သူမှ မထိတာပါ။သူတို့ဘက်က ၃ဦးသေပြီး ၃ဦး ဒဏ်ရာရပါတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသည့် စစ်သားနှင့်ရဲ အလောင်းတို့ကို တောင်ငူအခြေစိုက် ခလရ-၂၆(နှစ်ဆောင်မြိုင်တပ်)တပ်ရင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။
စစ်သားနှင့်ရဲတို့ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဖေဖော်ဝါရီ ၂၁ရက်ကလည်း ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ၁၀နှစ်အောက် ကလေးငယ်သုံးဦးအပါအဝင် ဒေသခံ ၇ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပိတောက်ကုန်းရွာသားတစ်ဦးက ပြောသည်။
“ ၂၁ရက်နေ့က ရွာကို လေယာဉ်နဲ့ လာပစ်သွားတယ်။ တိုက်ပွဲဖြစ်လို့လည်းမဟုတ်ဘူး။ ဘာမှ မရှိဘဲနဲ့ကို အကြောင်းမဲ့ လာပစ်သွားတာ။၃နှစ်၊၈နှစ်နဲ့ ၁၀နှစ်ကလေး ၃ယောက် သေသွားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ရွာစဉ်ပတ်မီးရှို့သတ်ဖြတ်နေသဖြင့်ရေတာရှည်မြို့နယ်အတွင်းရှိ ရေတာရှည်လေး၊ စည်ပိုင်း၊ ကျွန်းကုန်း၊ နကျပ်၊ ဂူကြီး၊ ရွာသစ်၊ သောင်ကြီး၊ လယ်သာအေး၊ ပိတောက်ကုန်း၊ ခင်တန်းနှင့် အင်ကြီးပေါက် ကျေးရွာများအပါ အဝင်ကျေးရွာ ၁၅ရွာမှ ဒေသခံပြည်သူ ၆၀၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း MPAက စုံစမ်းသိရသည်။