တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ နှစ်ရှည်ထောင်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားအများစုကို ကော့သောင်းထောင်သို့ ဒုတိယအကြိမ်ထပ်မံပြောင်းရွေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့သတင်းထုတ်ပြန်သည်။
နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၅၀ ကို ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၃ နာရီအချိန်မှစတင်၍ သင်္ဘောဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အကျဉ်းသား ၁၀၀ နှင့် အကျဉ်းသူ ၅၀ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ထောင်ပြောင်းရတဲ့ရည်ရွယ်ချက်ကတော့နှစ်မျိုးရှိမယ်၊ တစ်ခုကတော့အဲဒီအကျဉ်းထောင်မှာ လူအရမ်းများနေလို့ပြောင်းရတာ၊ နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေပါ တစ်စည်းတစ်လုံးတည်းညီညွတ်လာတယ်၊ ဒီတော့ညီညွတ်မှုကိုပြိုကွဲဖို့ ထောင်ပြောင်းမှုတွေလုပ်တာဖြစ်နိုင်တယ်၊ အခြားအကျဉ်းထောင်ရောက်သွားရင်တော့ ငြိမ်သွားမယ်ပေါ့၊ သူတို့(အာဏာပိုင်)ဘယ်လိုပဲလုပ်ပါစေ၊ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကတော့အောင်မြင်မှာမဟုတ်ပါဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
မြိတ် အကျဉ်းထောင်ဝန်ထမ်းများနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အချင်းချင်းဖြစ်စေ၊ အခြားပြစ်မှု အကျဉ်းသားများအားဖြစ်စေ စည်းလုံးညီညွတ်မှုပြိုကွဲစေရန် သွေးထိုးစကားများပြောဆိုလေ့ရှိကြောင်း မြိတ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ဆိုသည်။
“ သူတို့(အကျဉ်းထောင်ဝန်ထမ်း)လူကြီးနဲ့လူငယ်တွေတောင်သွေးကွဲအောင်လုပ်တာ၊ မစည်းလုံးစေချင်ဘူး၊ စည်းလုံးရင်ဆန္ဒပြတာတို့ဆန့်ကျင်တာတွေဖြစ်မှာစိုးလို့။ ကျွန်တော်တို့မျက်တောင်တုထိုးရတယ်၊ တစ်နေကုန်ထိုင်ပြီး ချည်မျှင်တွေ၊ ဆံပင်မွှေးလေးတွေကိုထိုးရတယ်၊ ကျန်းမာရေးမကောင်းလို့ တင်ပြလည်းမရဘူး။ ကျွန်တော်တို့ညီညွတ်တော့ ဆန္ဒတွေပြကြတော့ နောက်မထိုးရတော့ဘူး”ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၄ ရက်ကလည်း နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၁၀၀ ကျော်ကို ကော့သောင်းထောင်သို့ပြောင်းရွှေ့ခဲ့ခြင်းကြောင့် ထောင်ပါဆယ်ပုံမှန်မရရှိတော့ဘဲ စားသောက်ရေးခက်ခဲနေကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ကျွန်တော်တို့ကြားတာတော့ တနင်္သာရီထောင်က အကျဉ်းသားတွေထောင်ပြောင်းလာတော့ လူအရမ်းများပြီး ၂ ထောင်စာလောက်ဖြစ်နေတော့ လုံခြုံရေးမပေးနိုင်တော့လို့ ထောင်ပြောင်းတာတဲ့၊ ပထမအပြောင်းခံရတဲ့သူတွေတောင် ထောင်ပါဆယ်ပုံမှန်မရောက်တော့ဘူး။ တစ်လမှ တစ်ခေါက်၊ နှစ်လမှ တစ်ခေါက်ရောက်တော့တာ၊ အဲဒီတော့အစားစာတွေပုံမှန်စားလို့မရဘူး။ ချွေတာမျှတပြီးစားနေရတယ်ကြားတယ်”ဟု ၎င်းကဆိုသည်။
မြိတ်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးမှုအားကောင်းနေပြီး နိုင်ငံရေးအကျဉ်းသားများအား ဝင်ရောက်ကယ်ထုတ်မည်ကိုလည်း ထောင်အာဏာပိုင်များက စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရသည်။