ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ကျေးငှက်တိရစ္ဆာန်များအား ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် အမဲလိုက်ခြင်းကို လုံးဝမပြုလုပ်ရန် CDF (ဟားခါး)ဗဟိုကောင်စီက တားမြစ်လိုက်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နွေရာသီကာလသည် ကျေးငှက်တိရစ္ဆာန်များ မျိုးပွားရာသီဖြစ်ခြင်းကြောင့် မတ်လ(၁)ရက်မှ မေလ(၃၁)ရက်အထိ (၃)လအတွင်း ကျေးငှက်တိရစ္ဆာန်များအား ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် အမဲလိုက်ခြင်းကို မပြုလုပ်ကြရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် air gun (လေသေနတ်) များကို ပိုမိုဝယ်ယူ၍ ကျေးငှက်များကိုအဆမတန် ပစ်ခတ်သတ်ဖြတ်၍ အမဲလိုက်မှုများပိုမိုပြုလုပ်လာသဖြင့်ကျေးငှက်များမျိုးတုံးလာမည့်အခြေအနေသို့ ရောက်ရှိနေခြင်းကြောင့် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်ကြောင်း CDF (ဟားခါး)ဗဟိုကောင်စီ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက MPA ကိုပြောသည်။
“ ငှက်တွေအဆမတန်ပစ်ခတ်လာတာက ကျွန်တော်တို့ကို ပြန်ပြီးထိခိုက်လာနိုင်တယ်ပေါ့နော်။ ကျွန်တော်တို့စိုက်ပျိုးထားတဲ့ စိုက်ပျိုးသီးနှံတွေကို ပိုးတွေကစားတယ်။ အဲ့ဒီပိုးတွေကိုစားမယ့် ငှက်တွေမရှိတဲ့အခါမှာ ကျွန်တော်တို့ သီးနှံတွေပိုမိုပျက်စီးလာနိုင်တယ်။ အဲ့ဒီလိုအစာကွင်းဆက်မရှိတော့တဲ့အခါ ကျွန်တော်တို့ကိုပြန်ထိခိုက်လာနိုင်တယ်ပေါ့နော်။ အဲ့ဒါကြောင့် အခုလိုတားမြစ်ခြင်းအားဖြင့် ငှက်တွေပြန်ပြီးမျိုးပွားလာနိုင်ပြီးတော့ အစာကွင်းဆက်ကို ကောင်းကောင်းလည်ပတ်လာနိုင်တယ်။ လူတွေအတွက်လည်း အကျိုးရှိမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်ရခြင်းဖြစ်ပါတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
အထက်ပါ တားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက အမဲလိုက်ရာတွင်အသုံးပြုသည့် လက်နက်များအားသိမ်းဆည်းသွားမည့်အပြင် လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF(ဟားခါး)ဗဟိုကောင်စီက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။
စစ်ကောင်စီအာဏာမသိမ်းမီက ချင်းတောင်တွင်အမဲလိုက်သူ အများအပြားရှိခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုက်ပွဲများဖြစ်ပွားခြင်းနှင့် နင်းမိုင်းအန္တရာယ်များကြောင့် အမဲလိုက်သူများ နည်းပါးသွားကြောင်း ပလက်ဝဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ အမဲလိုက်တာတော့ တော်တော်နည်းသွားတယ်။ အဓိက ဒီကာလပစ်ကြတာငှက်ပါပဲ။ သားကောင်တွေကတော့ ရှားပါးကုန်ပါပြီ။ အမဲလိုက်ရင်တော့ တူမီးသုံးကြတာပါ။ ငှက်ပစ်တာကတော့ လေးခွ၊ လေသေနတ်ပဲ။ ဝမ်းရေးကျအဆိုးမြင်ကြဖို့ ခက်တယ်ဗျ။ တားတဲ့သူတွေမမြင်အောင်ပစ်နေကြဦးမှာပဲလေ” ဟု ဆိုကပြောသည်။
ထို့အတူ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေဒေသအတွင်း ကျေးငှက်များပစ်ခတ်သတ်ဖြတ်ခြင်းနှင့် အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်းက တားမြစ်ပိတ်ပင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။