မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးဝင်ရှို့ခဲ့ရာ လေဖြတ်နေသည့် အမျိုးသမီးကြီး ၂ဦးအပါအဝင် စုစုပေါင်း ၃ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၂၇ရက်၊ညနေ ၅နာရီ ကျော်က ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ခြင်း အလျဉ်းမရှိဘဲဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း ချိုင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညနေ ၅နာရီကျော်က စစ်ကြောင်းထိုးပြီး မီးဝင်ရှို့တာပေါ့။ရွာ အရှေ့ခြမ်းတစ်ခုလုံး မီးထဲပါသွားတယ်။ အိမ်ခြေ ၂၀၀လောက်ပါသွားတာ။ အိပ်ရာထဲလဲနေတဲ့ သားအမိ နှစ်ယောက် မီးထဲပါသွားတယ်။ နှစ်ယောက်စလုံးက အသက်ကြီးပိုင်းတွေ လေဖြတ်ထားတဲ့ လူကြီးတွေပေါ့”ဟု ၎င်းက ပြောသည်။
မီးထဲတွင် သေဆုံးနေသော အမည်မသိအမျိုးသားတစ်ဦး၏အလောင်းကိုလည်း တွေ့ရပြီး မည်သို့ သောအကြောင်းကြောင့် မီးလောင်သေဆုံးနေသလဲဆိုသည်ကို မသိရသေးကြောင်း ၎င်းကဆိုသည်။
ယင်းမီးရှို့မှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့နယ်အခြေစိုက် OAK AWE UG(Salay)မြို့ပြပြောက်ကျားတပ်ဖွဲ့ထံသို့ မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
“ ဘာတိုက်ပွဲမှ မရှိဘဲ မီးဝင်ရှို့တာပါ။စစ်ကောင်စီအင်အားက ၅၀ကျော်တယ်။စစ်ကြောင်းက ကျတ်ထိုးရွာရဲစခန်းကို ပြန်သွားပါပြီ။အခုထိတော့ အဲ့မှာပဲ အထိုင်ချနေတယ်” ဟု OAK AWE UG(Salay)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် ချိုင်ရွာ၊ရေကြည်ရွာနှင့် ရေတွင်းရွာတို့မှ ဒေသခံ ထောင်ချီ အရေးပေါ်စစ်ကြောင်းရှောင်နေရကြောင်း ချိုင်ကျေးရွာသားက ပြောသည်။
“ချိုင်၊ ရေကြည်၊ ရေတွင်းဆိုပြီး ရွာသုံးရွာက စုနေတာဆိုတော့ ချိုင်ကို မီးဝင်ရှို့သွားတော့ ကျန်တဲ့ရွာက ဒေသခံတွေလည်း အကုန်ရှောင်နေရတယ်။ယာယီ စစ်ဘေးရှောင်တဲ့ ပြည်သူက ၁၀၀၀ ကျော်တယ်။အခုတော့အိမ်ပြန်နေကြပါပြီ”ဟု ၎င်းက ယနေ့(ဖေဖေါ်ဝါရီ၂၈ရက်) မွန်းလွဲပိုင်းတွင် ပြောသည်။
ပခုက္ကူမြို့နယ်၊ဖလံအိုရွာအခြေစိုက် စစ်တပ်သည် လက်နက်ကြီးဖြင့် ရေတွင်းကျေးရွာသို့ စိတ်ကူးပေါက်သလို ပစ်ခတ်လေ့ရှိကြောင်းလည်း သိရသည်။