ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးရွာအနီးတွင် စစ်ကောင်စီတပ်ကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၃၆၀၁-တပ်ရင်း(PPDF)ကသတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ပေါက်ခေါင်းမြို့နယ်၊လှည်းကူးရွာနှင့်ဖလန်ပင်ရွာကြား၌ စခန်းချတပ်စွဲထားသည့် အင်အား ၄၀ ဝန်းကျင်ရှိ စစ်တပ်ကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။
“လှည်းကူးနားမှာ ၂၅ ရက်နေ့ကတိုက်တော့ ဒီကောင်တွေအထိနာသွားပြီး လှည်းကူးရွာကိုပြန်ဆုတ်သွားပြီး လှည်းကူးနဲ့ဖလန်ပင်ကြားမှာ ယာယီတပ်စွဲထားတာကို အလစ်ဝင်တိုက်တာ။တိုက်ပွဲဖြစ်တာကတော့ နာရီဝက်လောက်ပဲကြာတယ်။အလောင်းတွေကို လှည်းကူးရွာထဲကို ပြန်ဆွဲသွားတာကို မြင်လိုက်ရတယ်။စစ်ကြောင်းက နောက်ပြန်မဆုတ်ဘဲ ရှေ့ဆက်တိုးသွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၃၆၀၁-တပ်ရင်း(PPDF)မှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။
သေဆုံးခဲ့သည့် စစ်သားအလောင်းများနှင့်ဒဏ်ရာရရှိသူများကို လှည်ကူးကျေးရွာစာသင်ကျောင်းအတွင်းသို့ သယ်ဆောင်သွားကြောင်းသိရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်းသိရသည်။
“နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးတော့ အတိအကျ ပြောဖို့ခက်နေသေးတယ်။ဒီနေ့လည်း စစ်ကဆိုင်ထားတာ။တိုက်ပွဲက ထပ်ဖြစ်ဦးမှာ။သူတို့ဘက်ကလည်း အင်အား ၃၀ လောက်ထပ်ဖြည့်ထားတယ်။လှည်းကူး၊ဖလန်ပင်နဲ့တခြားရွာတွေက ပြည်သူတွေကို အစ်ကိုတို့က ကြိုရှောင်ခိုင်းထားတာမို့ ပြည်သူထိခိုက်မှုမရှိပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ယနေ့ (ဖေဖေါ်ဝါရီ၂၈ရက်)နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ်၊အောင်သပြေကျေးရွာသို့ ရောက်ရှိနေကြောင်းသိရသည်။
“ဒီနေ့မနက်တော့ စစ်ကြောင်းက လှည်းကူးကနေ တဲတချို့ကို မီးရှို့ပြီး အောင်သပြေကို ရောက်နေတယ်လို့ သိရတယ်။သေနတ်တွေနဲ့ပစ်ပြီး ဝင်တာလို့ပြောတယ်” ဟု PPDF ရဲဘော်တစ်ဦး ကပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း လှည်းကူရွာ၊တပ်ကော့မြောက်ဘက်ကိုင်းဖျား အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားသေးသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တစ်နေကုန်နီးပါးပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၃၆၀၁-တပ်ရင်း(PPDF)၊တပ်ခွဲ-၂ ဧရာညီနောင်စစ်ကြောင်း၊တပ်ခွဲ-၅၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၃၆၀၂ တပ်ရင်း၊တပ်ခွဲ-၃၊တပ်ခွဲ-၄၊ရွှေတောင်မြို့နယ်(ပကဖ)နှင့်ပေါက်ခေါင်းမြို့နယ်(ပကဖ)တို့မှ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။