ထားဝယ်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၃နှစ်ပြည့်အဖြစ် တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်တွင် ပြည်သူ ထောင်နှင့်ချီ ယနေ့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၂၈ရက်)နံနက်၇နာရီမှစတင်ကာ ထောင်နှင့်ချီသော ပြည်သူတို့သည် လောင်းလုံး မြို့နယ်အတွင်း ၄မိုင်တိတိ လမ်းလျှောက်ချီတက်ခဲ့ကြကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က သတင်းထုတ်ပြန်သည်။
“ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဒီနေ့မှာ စစ်ကောင်စီတပ်က ထားဝယ်မြို့ပေါ်မှာ သေနတ်အစစ်သုံးပြီး သပိတ်ဖြိုခွင်းတဲ့နေ့ပါ။လွန်ခဲ့တဲ့ ၃ နှစ်က ထားဝယ်မြို့ပေါ်မှာ ရဲဘော် ၄ဦး စစ်ကောင်စီရဲ့ ကျည်ထိပြီး ကျဆုံးခဲ့တဲ့နေ့ပါ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၏ လူထုစည်းရုံးရေး ဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။
လူထုထောင်ချီပါဝင်သော ယနေ့ လမ်းလျှောက်ဆန္ဒပြမှုကို ‘လမ်းမထက်ကသွေးတွေမခြောက်သရွေ့၊ လူထုတစ်ရပ်လုံး သွေးဆူကြဟေ့’ဆိုသည့် ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ပြီး ကျဆုံးရဲဘော် ၄ဦးနှင့် အာဇာနည်ခေါင်းဆောင်များအား လောင်းလုံးမြို့နယ်တစ်နေရာတွင် အလေးပြုခဲ့ကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။
၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ၂၈ရက်တွင် ထားဝယ်ခရိုင် ၄မြို့နယ်အတွင်းရှိ သိန်းနှင့်ချီသော ပြည်သူတို့သည် ထားဝယ်မြို့ပေါ်သို့ တက်ကာဆန္ဒပြကြစဉ် စစ်တပ်က သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ အဲ့နေ့(၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ ၂၈ရက်)မှာသေနတ်အစစ်တွေနဲ့ပစ်လို့ လောင်းလုံးက တစ်ယောက်၊ရေဖြူက တစ်ယောက်နဲ့ ထားဝယ်က ၂ယောက်ကျတာ။အဲ့ရဲဘော် ၄ယောက်က DDMSCထဲကပေါ့။လူထုကို ကာပေးရင်း ကျသွားတာပါ” ဟု ၎င်းက ပြောသည်။
ယနေ့ တွင် ချီတက် ဆန္ဒပြကြပြီးနောက် လောင်းလုံးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းတစ်ခု၌ ကျဆုံးသွားသည့် ဒီမိုကရေစီသူရဲကောင်း ၄ ဦးနှင့်အတူ ပြည်သူ့အာဇာနည်များအား လွမ်းသူပန်းခွေချ ဂါဝရပြုကာ တော်လှန်ရေးကဗျာများ ရွတ်ဖတ်ခဲ့ကြကြောင်း ကိုမင်းလွင်ဦးက ပြောသည်။
“ ကျဆုံးသွားခဲ့တဲ့ DDMSCရဲဘော် ၄ဦးက စစ်တပ်ရဲ့ ကျည်ထိပြီး လမ်းပေါ်မှာပဲ ကျဆုံးတာပါ။ကျည်က ကျောကဖောက်ဝင်တာမဟုတ်ဘဲ မျက်နှာချင်းဆိုင်ရင်ဘတ်ကနေ ဖောက်ထွက်သွားတာပါ။သပိတ်အတွင်းမှာ ပြည်သူတွေ အဖမ်းခံရမှာစိုးလို့ စစ်သားနဲ့ရဲတွေလာနေတဲ့အချိန် ရှေ့ကနေ အသက်စွန့်ပြီး ကာပေးသွားတဲ့အတွက် ထားဝယ်မှာတော့ လူထုသူရဲကောင်းအဖြစ် ကျွန်တော်တို့ နှလုံးသားထဲမှာ မှတ်တမ်းတင်ထားပြီးသားပါ။DDMSCအတွက်လည်း လေးစားအားကျရတဲ့ သူရဲကောင်းတွေပါ” ဟု ၎င်းက ပြောသည်။
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၂၈ရက်တွင် ထားဝယ်မြို့ပေါ်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်သူ ၃၀ကျော်ဒဏ်ရာရခဲ့ပြီး လူ၂၀ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။