ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိုးဖောက်လာနိုင်သည်ဟု ယူဆရသည့် နေရာအားလုံးကို စစ်ကောင်စီကနေ့စဉ်မီးရှို့နေသဖြင့် ပြည်သူပိုင်နေအိမ်၊ ဆိုင်ခန်းအများအပြားမီးလောင်ပျက်စီးခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ နေ့တိုင်းလိုလိုလောင်တယ်။ တစ်နေ့ကို အိမ်တစ်လုံး၊ နှစ်လုံး။ အခုဒုံးသီးကျတယ်၊ ဒုံးသီးမှာမီးကျည်ပါလာရင်လောင်နေပြီ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)ရှိတဲ့ဘက်အခြမ်းမှာဆို မီးလောင်မှုက နည်းနည်းစိပ်လာတယ်။ ဘာလို့လဲဆိုတော့သူတို့က PDF တွေရှိနိုင်မယ့်နေရာ၊ ထိုးဖောက်နိုင်မယ့်နေရာကို ခန့်မှန်းပြီးတော့မီးရှို့နေတာ” ဟု ၎င်းကရှင်းပြသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသည်ကို အခွင့်ကောင်းယူ၍ ကော့ကရိတ်မြို့တွင်တပ်စွဲထားသော စစ်ကောင်စီ၏ ခလရ ၉၇ ၊ ခလရ ၃၄၃ ၊ ခလရ ၅၄၈၊ မခရ ၂၀၇၊ ခမရ ၂၀၁ နှင့် ခမရ ၂၀၃ တပ်ရင်းတို့ရှိတပ်ဖွဲ့ဝင်များက ၎င်းတို့နေရာယူထားသော ရပ်ကွက်အသီးသီးရှိ ပြည်သူပိုင်အိုးအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူပိုင်နေအိမ်၊ ဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် နေ့စဥ် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ တိုက်ပွဲကာလဖြစ်သလို ရှေ့တန်းမှာဖြစ်တော့ စာရင်းဇယားအသေးစိတ်သွားရောက်ရယူလို့ မလွယ်ကူသေးပါဘူး။ အဓိက မီးလောင်ပျက်စီးသွားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေရှိနေကြတာမို့ ရှေ့တန်းမှာရှိတဲ့ ကျွန်တော်တို့ ရဲဘော်တွေလဲ အနီးကပ်သွားရောက် ဓာတ်ပုံရိုက်လို့ မလွယ်ကူသေးဘူး။ ဒါပေမယ့် အချက်အလက်နဲ့ စာရင်းဇယားအသေးစိတ်ကို ရနိုင်သမျှရအောင် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်” ဟု ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ကော့ကရိတ်မြို့အတွင်း ဝင်ရောက်နေရာယူထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတည်ရှိနိုင်မည့် နေရာများကို စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လိုက်လံဗုံးကြဲပစ်ခတ်ခြင်းနှင့် ရပ်ကွက်တွင်းရှိ ပြည်သူပိုင်နေအိမ်ဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခြင်းများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ ပြည်သူတွေကတော့ မငြီးငြူဘဲဘယ်နေပါ့မလည်း ကျွန်တော်တို့သိတယ် နားလည်ပါတယ်။ အခုတောင် သူတို့ရဲ့ အိုးအိမ်တော်တော်များများ မီးလောင်ပျက်စီးကုန်ပြီ။ ကျွန်တော်တို့လည်း အသက်ပေးပြီး ဝိုင်းဝန်းကြိုးစားနေကြပါတယ်။ ပြည်သူတွေလည်း ကျွန်တော်တို့နဲ့အတူပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက မေတ္တာရပ်ခံ ပြောဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်က ဦးဆောင်၍ စနစ်ကျသော စစ်ရေးဗျူဟာများဖြင့် တော်လှန်ရေးအင်အားစုများပူးပေါင်းကာ စစ်ကောင်စီယန္တရားလည်ပတ်မှုအတွက် အထူးအရေးပါသော အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များကိုတိုက်ထုတ်ကာ မြို့တစ်ခုလုံးသိမ်းပိုက် ထိန်းချုပ်နိုင်ရန်နှင့်အုပ်ချုပ်ရေးယန္တရားများ ချမှတ်ထားနိုင်ရန် စီစဥ်ဆောင်ရွက်ကာ နေ့စဉ်တိုက်ပွဲဖော်ဆောင်လျှက်ရှိကြောင်းလည်း သိရသည်။
“ ကျွန်မတို့ စစ်ရှောင်နေရတာ လနဲ့ချီကြာနေပြီဆိုတာကြောင့် အခက်အခဲကတော့ မျိုးစုံပါပဲ။ တစ်ခါတစ်ခါ ထမင်းနပ်မှန်ဖို့တောင် မလွယ်တော့ဘူး။ အခုက အချိန်ဘယ်လောက်ကြာမှန်းမသိတော့ အကျွေးအမွေးအလှူရှင်တွေလည်း မနိုင်ကြတော့ဘူး။ နောက်ပြီး အခုမြို့ကရပ်ကွက်တော်တော်များများမှာ အိမ်တွေမီးလောင်ကုန်ကြတော့ ပြန်ရင်နေစရာ အိမ်တောင်မရှိကြတော့တဲ့သူတွေကများပြီ။ တော်တော်လေးလည်း ဒုက္ခတွေ ရောက်နေကြပါတယ်” ဟု ကော့ကရိတ်မြို့မှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးကဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့် (K.N.U) ကဦးဆောင်ကာ မြို့ခံပြည်သူများကို ဘေးလွတ်ရာနေရာဒေသအသီးသီးသို့ ရွှေ့ပြောင်းနေရာချထားမှုများလုပ်ဆောင်ပေးခဲ့ပြီး ကော့ကရိတ်မြို့ခံပြည်သူ ၃၀,၀၀၀ ကျော်မှာ စစ်ဘေးရှောင်နေရချိန် ၃ လနီးပါးကြာမြင့်လာပြီဖြစ်သည်။