စစ်ကိုင်းတိုင်း၊ ကလေးမြို့ပတ်ဝန်းကျင်နှင့် ကလေးမြို့အတွင်းသို့ စစ်ရေးအရှိန်မြှင့်တင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မြို့အတွင်းရှိပြည်သူများအနေဖြင့် အမြန်ဆုံးထွက်ခွာကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတိပေးထုတ်ပြန်သည်။
ယခုကဲ့သို့ သတိပေးမှုသည် ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)က မြို့ပေါ်နေပြည်သူများအနေဖြင့် မြို့တွင်းမှထွက်ခွာ၍ ကြိုတင်ရှောင်ရှားကြရန် အသိပေးထုတ်ပြန်ခဲ့ဖူးကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူ ကိုဗိုက်ပူက MPA ကိုပြောသည်။
“ ၂၁ ရက်နေ့မှာတိုက်ပွဲကနေစပြီး ကျွန်တော်တို့ ကလေးနဲ့နီးစပ်တဲ့ချင်းတောင်ပေါ်ဒေသတွေ၊ ကျွန်တော်တို့ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ပြောင်းရွှေ့တဲ့လူတွေရှိတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း မြို့ပေါ်မှာလဲ ပြည်သူတွေက ဆက်ရှိနေတုန်းပဲ” ဟု ၎င်းကရှင်းပြသည်။
အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်သည့် မြို့ပေါ်နေပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်ထွက်ခြင်း၊ ပွဲလမ်းသဘင်ဆင်နွှဲခြင်းများကိုရှောင်ရှား၍ လုံခြုံသည့်နေရာတွင်နေထိုင်ကာ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများ၏ အခါအားလျော်စွာထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို အလေးထားလိုက်နာကြရန်လိုအပ်ကြောင်း ကိုဗိုက်ပူက ထပ်လောင်းပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမြို့အတွင်အထွက်ကို ပိတ်ဆို့ထားသည့်အပြင် မြို့တွင်း၌လည်း လုံခြုံရေးကင်းလှည့်နေမှုများရှိနေခြင်းကြောင့် ကလေးမြို့ပေါ်နေပြည်သူများအနေဖြင့် ထွက်ခွာရန်မလွယ်ကူကြောင်း အောင်သစ္စာရပ်ကွက်တွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ လောလောဆယ် အိမ်ထဲကအိမ်ပြင်မထွက်ဖို့ဘဲတွေးထားရတာပဲ။ ပြောရရင် မကြုံဖူးတော့အနေအေးကြတာများတယ်။ တနိုင်တပိုင်အစားအသောက်တွေတော့ စုဆောင်းထားရတာပဲ။ မလွယ်ဘူး အပြင်ထွက်ရင်လည်းပစ်ခံရမှာစိုးရတယ်။ PDF တွေဝင်လာပြီး လမ်းဖွင့်ပေးမှ ထွက်တော့မယ်စိတ်ကူးထားတာ” ဟု ၎င်းကဆိုသည်။
လက်ရှိ ကလေးမြို့ပေါ်တွင် လူသွားလူလာမရှိသလောက်နည်းပါးသွားပြီး စားဝတ်နေရေးအခက်အခဲများကြောင့် မဖြစ်မနေသွားလာသူအချို့ရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးသွားသည့် ပြည်သူများလည်း ရှိနေသည်။
လက်ရှိ ကလေးမြို့အနောက်ပိုင်းရပ်ကွက်များတွင်နေထိုင်သည့် ဒေသခံပြည်သူအချို့ထွက်ခွာမှုများရှိနေသော်လည်း အချို့မှာ ထွက်ခွာရမည့်လမ်းကြောင်းမသိခြင်းကြောင့် မြို့တွင်း၌ပင်နေကြကြောင်း ဘူတာရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ တချို့တွေတော့ တောင်ပိုင်း(ကလေးမြို့တောင်ပိုင်း)ကိုထွက်ကြတယ်။ ကေး(ငါ)တို့တော့ ဘယ်လမ်းကနေထွက်ရမယ်မသိလို့ မထွက်ဘူး။ ဟိုးအရင်ကတည်းက ဗုံးခိုကျင်းတော့တူးထားတယ်။ ကုန်ခြောက်လေး၊ ပဲလေး၊ ဆန်လေးတော့ ဝယ်ထားရဦးမယ်တွေးနေတာ။ အပြင်လည်း သိပ်မထွက်ရဲဘူး” ဟု ၎င်းကဆိုသည်။
တိုက်ပွဲ(၆)ရက်တာကာလအတွင်း စစ်ကောင်စီက ကလေးမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးပစ်ခတ်ခြင်းများပြုလုပ်နေသောကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ(၁၀)ဦးကျော် သေဆုံးခဲ့ပြီး လမ်းပေါ်သွားလာနေသူများအား ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးခန့်သေဆုံးခဲ့ရကြောင်း မြို့ခံများထံက စုံစမ်းသိရှိရသည်။