စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာသို့ ရိက္ခာပို့သည့် ဆိုင်ကယ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ၂၇ရက်)မွန်းလွဲ ၁၂နာရီ ခွဲဝန်းကျင်တွင် မုံရွာမြို့မှ တောပုပျူစောထီးကျေးရွာသို့ ရိက္ခာပို့သည့် စစ်သားနှင့်ပျူစောထီး အင်အား ၂၀ ဝန်းကျင်ရှိ ဆိုင်ကယ် ၁၁ စီးပါယာဥ်တန်းကို တောပုအရွာအဝင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ၂ စီးနှင့်အတူ ရိက္ခာများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း-၄၊တပ်ခွဲ-၃ (Monywa Nightking )က သတင်းထုတ်ပြန်သည်။
“မုံရွာကနေ တောပုကိုရိက္ခာပို့တဲ့ ဆိုင်ကယ်တန်းကို သတင်းရလို့ဖြတ်တိုက်တာ။သူတို့က အရင်ဆုံးမောင်းပြေးတယ်။ပြီးတော့ ပြန်လှည့်လာတာမှာ ပစ်တာ ၃ ယောက် နေရာမှာပဲသေတယ်။လက်နက်မရပါဘူး။အတုလက်လုပ်တောင် မပါဘူး”ဟု မုံရွာခရိုင်တပ်ရင်းတပ်ရင်း – ၄၊တပ်ခွဲ – ၃ (Monywa Nightking) မှတပ်ခွဲမှူး ဗိုလ်ငယ်လေး ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“တောပုအဝင်ရွာထိပ် အလွယ်ခေါ်တာက သီတာရုံလို့ခေါ်တယ်။လမ်းပေါ်က ဇရပ်နားမှာ ပစ်တာ။အဲ့ဒီတိုက်ခိုက်မှုကြောင့် ကျနော်တို့ရွာဘက်ကို စစ်ကြောင်းထိုးဖို့ အကုန်အင်အားတွေရောက်နေတယ်။ကျနော်တို့တောင် အထုပ်အပိုးပြင်ထားရတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ထံမှ စစ်ယူနီဖောင်း ၁ ထည်၊ကာဘိုင်ကျည် ၁၀ တောင့်၊ဆိုင်ကယ် ၂ စီးနှင့်ရိက္ခာများကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၄၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Monywa The Boys)၊Monywa Special Forces 11 PDF နှင့် မုံရွာခရိုင်တပ်ရင်း-၇ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုဝင်တို့ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။