စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် -၄ တပ်ရင်း (MSPDF )က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက်၊နံနက်ပိုင်း ၁၁ နာရီ မှ ၁၂ နာရီ ၁၅ မိနစ် အထိ တစ်ကြိမ်ဒရုန်းဖြင့် ဗုံး ၈လုံး ကြဲချခဲ့ပြီး ညနေ ၅ နာရီခွဲ မှ ၅နာရီ ၄၅ မိနစ်အထိ တကြိမ် ဗုံး ၂ လုံး ထပ်မံ ကြဲချ ခဲ့ကြောင်း သိရသည်။
“ ကျနော်တို့ တစ်ရက်တည်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာပါ။အ ခုထိတော့ အထိအခိုက် မသိရသေးဘူး ။ စုံစမ်းဆဲပါပဲ “ ဟု MSPDF ပြန်ကြားရေး တာ၀န်ခံ ရဲဘော် လွင်ဂူး က ပြောသည်။
ယင်း တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် -၄ တပ်ရင်း (MSPDF) ၊မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်-၈တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ်-၁၂တပ်ရင်း-တပ်ခွဲ-၂၊မုံရွာခရိုင်အမှတ်- ၇တပ်ရင်း၊ မုံရွာခရိုင်အမှတ်-၂၅တပ်ရင်း၊မိတ္ထီလာခရိုင်အမှတ်-၃တပ်ရင်း၊ CHAUK PDF၊ MGN 35၊ Golden Eagle၊ Justice Warrior Forces နှင့် Shinning Stars အဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ညောင်ဖြူပင် ရဲစခန်းမှာ လုံခြုံရေး အင်အား ၁၀၀ ကျော် ရှိ တယ်။ ရွာကလည်း အိမ်ခြေကို ၁၅၀၀ လောက် ရှိတယ်။ပြည်သူတွေကတော့ ရွာထဲ တစ်ယောက်မှ မရှိတော့ဘူး ။အားလုံး ရှောင် နေကြတာပါ” ဟု ၎င်း က ပြောသည်။
ညောင်ဖြူပင် ကျေးရွာကို ရဲတပ်သားများက မကြာခဏ မီးရှို့ ဖျက်ဆီး ခဲ့သောကြောင့် ဒေသခံရွာသားများမှာ ၂၀၂၃နှစ်ကုန်ပိုင်းမှစ၍အခြား ကျေးရွာ များသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြကြောင်း သိရသည်။
“ အဲ ညောင်ဖြူပင် ရဲစခန်း က ရွာထဲ ကို မီးရှို့ တာတွေ ရှိတယ်။ အဲတော့ ပြည်သူ တွေက မနေရဲကြတော့ဘူး ။ ပြီးတော့ စခန်းကလည်း ကုက္ကိုလ်ပင် အကြီးကြီးတွေ ရှိတယ်။ အဲအပင် အကြီးကြီးတွေကို ကာဗာ လုပ်ပြီး နေ နေကြတယ် ပြောတယ်။ ဒါကြောင့် အဖွဲ့တွေ လွယ်လွယ် နဲ့ မတိုက် နိုင်ကြတာ နေမယ် “ ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၂၈ ရက်ကလည်း ညောင်ဖြူပင် ရဲစခန်းကို MSPDF နှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။