မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် ၃လအတွင်း သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၁ဦးအထိရှိလာသောကြောင့် အကျဉ်းထောင်များသည် ဒုတိယစစ်မြေပြင်ဖြစ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများကပြောသည်။
အကျဉ်းထောင်များ၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများသည် လက်နက်မဲ့စွာဖြင့် စစ်ကောင်စီကို တော်လှန်နေခြင်းဖြစ်သဖြင့် ထိခိုက်နစ်နာမှု ပိုများကြောင်း မြင်းခြံထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်။
“ လက်ရှိအကျဉ်းထောင်တွေက ဒုတိယစစ်မြေပြင်ဖြစ်နေတာပါ၊ အထဲက နိုင်ကျဉ်းတွေက လက်နက်မရှိဘဲ တိုက်နေ ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတို့အတွက်(နိုင်ငံရေးအကျဉ်းသားများ) ထိခိုက်နစ်နာမှုတွေက ပိုများပါတယ်။ ဒိုက်ဦးထောင်ဖြစ်စဉ်လိုမျိုး လူသိအောင် ပစ်သတ်ခဲ့တာတွေလည်း ရှိသလို၊ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာတွေကြောင့် သတ်နေတာတွေလည်း ရှိတယ်။ လူမသိ သူမသိနဲ့ သေဆုံးနေကြရပါတယ် ” ဟု မြင်းခြံထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီသည် ပြည်သူများကို သတ်ဖြတ်နေသည်သာမက အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများကိုလည်း သတ်ဖြတ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ မဇူးဇူးမေယွန်းက ဆိုသည်။
“ အခုဆို စစ်ကောင်စီက လက်ရှိမှာ အပြင်မှာရှိတဲ့ ပြည်သူတွေကို သတ်ရုံတင်မဟုတ်ဘူး။ အကျဥ်းထောင်ထဲမှာ ရှိတဲ့ ပြည်သူတွေကိုလည်း လုပ်လို့ရတယ်ဆိုပြီး ကျူးလွန်နေတာ တွေ့ရတယ်။ ဖမ်းဆီးရမိတဲ့သူတွေဆိုလည်း စစ်ကြောရေးကနေ ထောင်ထဲကို ပို့လိုက်တယ်။ ပြီးရင် ဆေးကုသမှုတွေ မပေးဘူး၊ အဲဒီလို နှိပ်စက်လို့လည်း သေဆုံးသွားခဲ့ရတဲ့သူတွေ အများကြီးဘဲ၊ ထောင်ကနေ စစ်ဆေးစရာရှိလို့ဆိုပြီး အပြင်ကို ခေါ်သွားတယ်။ ပြီးရင် သတ်ပစ်တာတွေလည်း အများကြီး ရှိပါတယ်” ဟု မဇူးဇူးမေယွန်းက ပြောသည် ။
စစ်ကောင်စီတပ်မှ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် အကျဉ်းထောင်များအတွင်းသို့ ပါဆယ်ပို့ရန် နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုများမှ အခက်အခဲများ ဖြစ်လာကြောင်းနှင့် မိသားစုများမှ ပါဆယ်၊ ဈေးဘားမပို့နိုင်သည့် နိုင်ငံရေးအကျဉ်းသူများရှိခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကို ဖွဲ့စည်းကာ အကျဥ်းထောင်ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
အကျဉ်းထောင်များအတွင်း လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှုမရရှိသောကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၄ဦး၊ ဇန်နဝါရီလတွင် ၄ဦးနှင့် ယခုလတွင် (ဖေဖော်ဝါရီ) ၃ဦး၊ စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။