ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက အတည်ပြုလိုက်သည့် စစ်မှုထမ်းဥပဒေထွက်ပေါ်ပြီးနောက် မန္တလေးမြို့ရှိ လူငယ်များ ဖမ်းဆီးခံရမှုနှင့် ပျောက်ဆုံးမှုများ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ စစ်မှုထမ်း ဥပဒေမထွက်ခင်ကဆို အခုလောက်ထိ အဖမ်းဆီးမများဘူး။ အခုဟာက လမ်းသွားရင်းနဲ့ကို စစ်သားတွေက အမေးမြန်းမရှိဘဲ ဖမ်းခေါ်သွားတာ၊ မိသားစုတွေဆိုရင် ဘယ်ရှာလို့ရှာရမှန်းမသိ အတော်ကို ဒုက္ခရောက်တာ” ဟု မန္တလေးမြို့၊ အောင်ပင်လယ်ရွာ(အောင်ပင်လယ်ရပ်ကွက်)နေ အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် စစ်ကောင်စီက ဖမ်းဆီးထားသည့် လူငယ်များကို မိသားစုထံအကြောင်းကြားပြီး ငွေတောင်း၍ ပြန်လွတ်ပေးသည်များရှိသကဲ့သို့ အကြောင်းကြားခြင်းမရှိဘဲ ပျောက်ဆုံးနေသည့် လူငယ်အများအပြားလည်းရှိကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
“ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅တုန်းကဆို သားလေးကသူ့ သူငယ်ချင်းနဲ့ ဘောလုံးသွားကန်တာ၊ကို ၄၁လမ်းမှာ စစ်သားတွေက ဖမ်းခေါ်သွားတယ်။ သားလေးက အခုမှ ၁၅နှစ်ပဲရှိသေးတာ၊ မြင်တဲ့အသိမိတ်ဆွေက လာပြောလို့ ရဲစခန်းကို လိုက်သွားပြီး ပြန်လွှတ်ပေးဖို့ပြောတာကို စစ်သားတွေ၊ ရဲတွေက ဖမ်းလည်းမဖမ်းဘူး။ ရှိလည်းမရှိဘူးဆိုပြီးပြောတယ်” ဟု အဖမ်းခံခဲ့ရသည့် လူငယ်တစ်ဦး၏ မိခင်ကပြောသည်။
ယခုကဲ့သို့ ကလေးငယ်နှစ်ဦး ပျောက်ဆုံးသွားသည် အနီးအနားရှိ CCTV ကို တောင်းကြည့်သော်လည်း စစ်တပ်နှင့် ရဲက ပေးမကြည့်ခြင်း၊ အနီးအနားရှိ CCTV များကို ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ မန္တလေးမြို့အတွင်း စစ်ကောင်စီက ကင်းလှည့်မှုများပိုမိုပြုလုပ်လျက်ရှိသည့်အပြင် မသင်္ကာသူများကို ဖမ်းဆီးမှုများ ပိုမိုများပြားလာကြောင်း မန္တလေးမြို့ ၇၈လမ်းနေ အမျိုးသားတစ်ဦးက ပြောသည်။
“ နေ့တိုင်း ဧည့်စာရင်းစစ်ပြီးတော့ ဖမ်းတာ တစ်နေ့ကို လူ ၆၀နီးပါးလောက်ရှိတယ်။ ပြီးရင် ငွေတောင်းပြီးတော့ကို လာရွေးခိုင်းနေတာ၊ ခေတ်ကပျက်နေပြီလေ” ဟု အထက်ပါ အမျိုးသားက ရှင်းပြသည်။
ထို့ပြင် မန္တလေးမြို့ရှိ ရဲစခန်းများတွင် တစ်နေ့လျှင် လူပျောက်လာတိုင်သူသည် ဆယ်ဦးခန့်ရှိကြောင်းလည်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။