ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာသို့ ဖေဖော်ဝါရီ ၂၁ရက်တွင် စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် အနီးနားရှိ ကျေးရွာ ၁၅ရွာမှ ဒေသခံ ၆၀၀၀ ကျော်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာထဲမှာ ပြည်သူတွေရှိတာသိသိနဲ့ကို လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ကျတော်တို့ရွာလည်း တစ်နေ့မဟုတ်တစ်နေ့ စစ်ကြောင်းထိုးလာမှာဘဲ အနီးအနားကရွာတွေလည်း စစ်ကြောင်းထိုးမှာကြောင့် တိမ်းရှောင်ကုန်တာ”ဟု ကျွန်းကုန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းအား ကြောက်လန့်သဖြင့် ကြိုတင်စစ်ရှောင်နေရသည့် ပြည်သူများသည် ၆၀၀၀ကျော်ရှိသဖြင့် စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ရွာထဲမှာက ယောင်္ကျားလေးတွေ သိပ်မရှိဘူး။ စစ်မှုထမ်းရမှာ ကြောက်လို့ တိမ်းရှောင်နေတဲ့သူရယ်၊ ပြည်ပထွက်တဲ့သူတွေလည်း ထွက်ကြတယ်။ ရွာကိုလည်း ဖေဖော်ဝါရီ ၂၁ရက်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သေးတယ”ဟု ပိတောက်ကုန်းရွာခံ အမျိုးသမီးတစ်ဦးကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ပိတောက်ကုန်းရွာအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ၃နှစ်၊ ၈နှစ်နှင့် ၁၀နှစ်အရွယ် ကလေးသုံးဦးအပါအဝင် ဒေသခံ ၇ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေတာရှည်မြို့နယ်ရှိ ရေတာရှည်လေး၊ စည်ပိုင်း၊ ကျွန်းကုန်း၊ နကျပ်၊ ဂူကြီး၊ ရွာသစ်၊ သောင်ကြီး၊ လယ်သာအေး၊ ပိတောက်ကုန်း၊ ခင်တန်း၊ အင်ကြီးပေါက် စသည့်ရွာအချို့မှ ဒေသခံများသည် ဆွေမျိုးများရှိရာသို့ တိမ်းရှောင်နေသည့်အပြင် အချို့သည် စစ်ရှောင်စခန်းများသို့ တိမ်းရှောင်နေကြကြောင်း စစ်ရှောင်စခန်းတစ်ခု၌ ကူညီပေး နေသည့် အမျိုးသားတစ်ဦးကပြောသည်။
“ စစ်ရှောင်စခန်းကို ရောက်လာတဲ့သူတွေကတော့ သူတို့ရွာကို မကြာမကြာသွားကြည့်တယ်။ ရွာမှာဘာတွေဖြစ်နေလဲဆိုပြီးတော့ ခဏပြန်တဲ့သဘောမျိုးပါ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပြင်၊ ပြည်သူများ၏ အိုး၊ အိမ်၊ လယ်ယာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူ့စစ်ဖွဲ့ရန် အတင်းအဓမ္မ လူစုဆောင်းခြင်းများကို မကြာခဏပြုလုပ်လျက်ရှိသည်။