ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်ကူးရွာအုပ်စု၊ ကိုင်းဖျားတဲစုအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၅ရက်၊ ညနေ ၄နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း PPDF 3601တပ်ရင်းက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်)တွင် ထုတ်ပြန်ထားသည်။
“ ပေါက်ခေါင်း ငါးဘတ်ကုန်းဂိတ်ကနေ လက်ကြီးရွာမှာ ခေတ္တစခန်းချနေတဲ့ စစ်တပ်ရယ်၊ ပြည်ကနေ လာတဲ့ စစ်တပ်ရယ် စုစုပေါင်း အင်အား ၅၀လောက်က စစ်ကြောင်းထွက်လာတာကို သတင်းရလို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” ဟု PPDF 3601 တပ်ရင်းမှ သတင်းနှင့်ပြန်ကြာရေးတာဝန်ခံကပြောသည်။
တိုက်ပွဲသည် မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ပြီး လက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ၊ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားများကို ကိုင်းဖျားတဲစုအနီးရှိ တောင်သူများအသုံးပြုသည် တဲတစ်လုံးပေါ်တင်ကာ မီးရှို့သွားကြောင်း မြေပြင်တွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ စစ်တပ်က သေသွားတဲ့သူတွေကို တဲပေါ်တင်ပြီး မီးရှို့သွားတယ်လေ၊ ကျတော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုမပြုလုပ်မီ ဖေဖော်ဝါရီ ၂၅ရက်၊ မနက်ပိုင်းတွင် မြစ်လောင်းရွာ၌ ဆိုင်ကယ်ဖြင့် စျေးရောင်းနေသည့် စျေးသည်တစ်ဦးထံမှ ပစ္စည်းများကို လုယူခဲ့ကြောင်း မြစ်လောင်းရွာသားတစ်ဦးကပြောသည်။
“ ဈေးသည်ဆီက ရေခဲထုတ်တွေဟင်းထုတ်တွေ၊ စားသောက်စရာတွေအကုန်ဖြုတ်ပြီးလုယူသွားတာ၊ ဆိုင်ကယ်တော့မပါသွားဘူး” ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ(၂)ဧရာညီနောင်စစ်ကြောင်း၊ တပ်ခွဲ(၅)၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၂ PDF)တပ်ရင်း တပ်ခွဲ(၃) တပ်ခွဲ(၄)နှင့်ရွှေတောင်၊ ပေါက်ခေါင်း ပကဖပူးပေါင်းအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။