စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ရှေ့တန်းရောက်ရဲဘော်များ၏ မိသားစုဝင်များကို အနွေးထည်နှင့်ထောက်ပံ့ငွေများကို People’s Healthcare Network(Kalay)က ပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက် တွင် သတင်းထုတ်ပြန်သည်။
စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်´မှတဆင့် ကိုဖြိုးနှင့်သူငယ်ချင်းများအဖွဲ့´က ပေးပို့လှူဒါန်းသည့် အနွေးထည်များကို စစ်ဘေးရှောင်ပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် ရှေ့တန်းရောက်ရဲဘော်များ၏ မိသားစုများအား ဝေမျှပေးခဲ့သည့်အပြင် ရဲဘော်တစ်ဦးလျှင်ကျပ် ၃ သောင်းနှုန်းဖြင့် ရဲဘော်များ၏ မိသားစု(၂၂)စုကို PHN(Kalay)က ထောက်ပံ့ကူညီပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ တချို့မိသားစုတွေဆိုရင် ရွာလုံးကျွတ်ကလည်း မီးရှို့ခံထားရတာ၊ အခုလည်း တောထဲကစစ်ရှောင်စခန်းမှာနေကြရတာပါ။ အဲ့ဒါကိုမှ သားနှစ်ယောက်ရှိတာ၊ နှစ်ယောက်လုံးက တော်လှန်ရေးရဲဘော်တွေ၊ ရှေ့တန်းသွားနေကြရတာမျိုးဆိုတော့ ကျွန်နော်တို့ရဲဘော်တွေ တာဝန်ကိုစိတ်ဖြောင့်ဖြောင့်နဲ့ အောင်မြင်အောင် ထမ်းဆောင်နိုင်ဖို့ နောက်ကမိသားစုကို ကျွန်နော်တို့တတ်နိုင်သလောက်ထောက်ကူပေးတာပါ” ဟု PHN(Kalay)၏ တာဝန်ခံဆရာဝန် Dr.Joshuaက MPA ကိုပြောသည်။
ကလေးတောင်ပိုင်း တော်လှန်ရေးရဲဘော်များသည် ယခင်က၎င်းတို့နယ်အတွင်း၌သာ တာဝန်ထမ်းဆောင်ကြရသည့်အချိန်တွင် မသိသာသော်လည်း ကလေးခရိုင်အတွင်းတပ်ရင်းများဖွဲ့၍ တာဝန်ကျရာနေရာသို့သွားရောက်တာဝန်ထမ်းဆောင်ကြရသည့်အချိန်မှစ၍ မိသားစုများအနေဖြင့် စားဝတ်နေရေး အခက်အခဲများကြုံလာကြရကြောင်း ၎င်းက ဆိုသည်။
ထိုသို့အခက်အခဲကြုံလာကြရသည့် ရှေ့တန်းရောက်ရဲဘော်များ၏ မိသားစုများကို PHN(Kalay)က ပထမအကြိမ် ဆန်၊ ဆီနှင့် ငွေသားများထောက်ပံ့ကူညီပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထောက်ပံ့ကူညီခြင်းဖြစ်ကြောင်းသိရသည်။
“ ကလေးတောင်ပိုင်း ကြံသာ၊ ဟံသာဝတီစတဲ့ ပျူရွာတွေဘက်ကနေ ဒီဘက်စစ်ကြောင်းထိုးနေတာရှိတယ်။ အခု အဲ့ဒီဘက်က မှန်တော၊ ပြည်ခိုင်ဖြိုး(ရွာသစ်)နဲ့ အောင်သာယာရွာတွေကို သူတို့(စကစ)မီးရှို့နေကြတယ်ဗျ။ ဘယ်လောက်လောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး” ဟု ကလေးတောင်ပိုင်းဒေသခံတစ်ဦးက MPA ကိုပြောသည်။
ကလေးတောင်ပိုင်းတွင် စစ်ကောင်စီနှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေမှုကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ကလေးတောင်ပိုင်းတပ်ရင်းတစ်ခုမှပြန်လာသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၏ ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကိုလည်း အောင်သာယာကျေးရွာအနီးတွင် စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းက ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။