မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ၌ စစ်သား များက စစ်ဆေးရေးဂိတ် ၃ခု ဖွင့်ကာ ခရီးသွား ပြည်သူ များထံ ဆက်ကြေးကောက်နေကြောင်း သိရသည်။
ကန်တော် ကျေးရွာမှာ ပခုက္ကူ-ပေါက် ကားလမ်းမ ဘေး၌ တည်ရှိသောကြောင့် ပခုက္ကူမြို့ပေါ်မှ ပြန်လာသော ဈေးကားနှင့် ခရီးသွား ကားများထံက အနည်းဆုံး ကျပ်၆၀၀၀၀ မှ ကျပ်၂သိန်း ၀န်းကျင် အထိ တောင်းယူခြင်းများ ရှိကြောင်း သိရသည်။
“ ပခုက္ကူ _ ပေါက် ကားလမ်းက ဒီ ကန်တော် ရွာကို ဖြတ် ထားတာ လေ။ အခုကျ သူတို့( စစ်သား) က ရွာ အရှေ့ထိပ်၊ အနောက်ထိပ် နဲ့ ရွာလယ်ပိုင်းမှာရော ဂိတ် ၃ ဂိတ် ချတယ် ။ဂိတ်တိုင်ကကို တောင်းတာ” ဟု ပခုက္ကူ-ပေါက်ကားသမား တစ်ဦးက ပြောသည်။
ဖေဖေါ်ဝါရီ၅ရက်တွင် ကန်တော်ရွာ၌ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲခဲ့ပြီး လက်ရှိတွင် စစ်သား နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၄၀ကျော်ရှိကြောင်း သိရသည်။
“ အဓိက ဆက်ကြေး ကောက်ဖို့ တပ်စွဲ ထားတာပါပဲ။ ဂိတ် ၃ဂိတ်၊ တစ်ဂိတ်မှာ ၆ ယောက်လောက်စီ ထားပြီး ကောက်တယ်။ ရွာကိုလည်း ကတုတ်ကျင်းတူးပြီး အခိုင်အမာ လုပ်နေတာ” ဟု မြိုင် ပကဖ တာ၀န်ခံ ဗိုလ် လကျာ် က ပြောသည်။
ယင်းစစ်သားများသည် ကန်တော်ရွာထဲရှိ နေအိမ်များကိုလည်း မီးရှို့နေကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တစ်ကြိမ် ၊ ၂၄ ရက်နေ့က တစ်ကြိမ်၊နှစ်ရက် ဆက်တိုက် ရှို့တယ်။ နေအိမ် အနည်းဆုံး ၁၀ လုံးလောက် မီးလောင် ပျက်ဆီး နိုင်ခြေ ရှိတယ်” ဟု ၎င်း က ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇွန် လ အတွင်း စစ်တပ်က ကန်တော်ရွာကို မီးရှို့ပြီးနောက် ကန်တော်ရွာသားတို့သည် နီးစပ်ရာ ကျေးရွာများ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြကြောင်း သိရသည်။
ကန်တော် ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော် ရှိပြီး စစ်တပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကန်တော်ရွာအတွင်း တပ်စွဲ ထားသော စစ်သားများကို ဒေသခံ ကာကွယ် ရေး တပ်ဖွဲ့ များက ၀င်ရောက်တိုက်ခိုက်လျက်ရှိပြီး ဖေဖော်ဝါရီ ၂၃ ရက်၌ မြိုင်ပကဖ ၏ အနီးကပ်တိုက်ခိုက်မှုကြောင့် စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။