တနင်္သာရီတိုင်းအဝင်ရှိ မလွဲတောင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ရက်၊နံနက်ပိုင်းက ၇၇ နှစ်မြောက် မွန်အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့အချို့စုပေါင်းကာ မလွဲတောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)၏ ရဲဘော် တလနိုင်ကပြောသည်။
“ စစ်အင်အား အခြေအနေကတော့သိသိသာသာတိုးထားတာမျိုးမရှိဘူး။မလွဲတောင် ဂိတ်စခန်းမှာလက်နက်ကြီး အထိုင်နဲ့ စနိုက်ဘာတွေ ထားထားတယ်လို့ ကနဦးသိရပါတယ်။ဒါကတော့ ထူးခြားမှုပေါ့” ဟု ၎င်းက ပြောသည်။
မလွဲတောင်ဂိတ်စခန်းကို တိုက်ခိုက်ခြင်းသည် မွန်နှင့် တနင်္သာရီရှိ မဟာမိတ်တပ်ပေါင်းစုများစုပေါင်းပြုလုပ်သည့် စစ်ဆင်ရေးဖြစ်ပြီး ဆက်လက်၍စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲဘော် တလနိုင်ကပြောသည်။
“ ထားဝယ်နဲ့ တနင်္သာရီဘက်ကရှိနေတဲ့ အင်အားစုတွေက မွန်ပြည်နယ်ဘက်ကို လာပြီးတော့ စစ်ပညာသင်ကြားတာ နောက်ပြီးတော့ ဒရုန်းနည်းပညာတွေ နဲ့ပတ်သက်ပြီး သင်ကြားသွားတာတွေရှိတယ်။သင်တန်းတွေ ပြီးတော့ သူတို့က သူတို့ဒေသတွေ ပြန်သွားတယ်။ပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေကို လုပ်တယ်ပေါ့။အဓိကကတော့ ပြည်နယ်၂ခုပေါ့။တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်မှာရှိနေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ အားကောင်းတဲ့ ချိတ်ဆက်မှုတွေကြောင့် ကျွန်တော်တို့အခုလိုမျိုး အတူတူ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မလွဲတောင်ဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံး ၊ဒဏ်ရာရစာရင်းအတိအကျကို အတည်မပြုနိုင်သေးကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မွန်တော်လှန်ရေးနေ့တုန်းကဆိုရင် မွန်နဲ့ တနင်္သာရီ မဟာမိတ်တပ်ဖွဲ့တွေက ရေးမြို့အခြေစိုက် စကစ – ၁၉ကို သွားပြီးတော့ FFZဒရုန်းလေယာဥ်ကို အသုံးပြုပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ အရင်က လုပ်ခဲ့ဖူးတာလည်းရှိပါတယ်။ရှေ့ဆက်လည်း မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်သွားဖို့လည်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
မလွဲတောင်ဂိတ်စခန်းတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)၏ ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ Ye Air Force (YAF)၊ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ တပ်ရင်း နှင့်SKY ghost drone force တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။