ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဆပ်သာလမ်းရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏နေအိမ်ကို CDF(ဟားခါး)က ပြည်သူပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး တော်လှန်ရေးတွင် လိုအပ်သလိုအသုံးပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်မြို့လုံးပြာကျခဲ့ရသည့် ထန်တလန်မြို့ဇာတိဖြစ်သော ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်ပူးပေါင်းရုံသာမက စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စည်းရုံးသိမ်းသွင်းမှုများကို ဟားခါးမြို့၊ မြို့တော်ခန်းမတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သောကြောင့် ယခုလိုသိမ်းဆည်းရခြင်းဖြစ်ကြောင်း CDF (ဟားခါး)ဗဟိုကော်မတီ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“ အကြမ်းဖက်စစ်တပ်ဒေါက်တိုင်ဟူသမျှ ဖြုတ်ပစ်ဖို့လိုတယ်။ သို့သော် လက်တွေ့ကျကျ ဆောင်ရွက်ဖို့လိုပါတယ်။ လက်တွေ့မကျဘဲ သဘောတရားသာဖြစ်နေရင် ဘာမှအရာမရောက်ဘူး။ လိုင်းပေါ်ခဏတာပဲ ဖြစ်မှာပါ။ တကယ်ထိရောက်တဲ့ လက်တွေ့ကျမှု၊ လက်တွေ့ဆန်မှုမျိုးနဲ့ ချဥ်းကပ်ဆောင်ရွက်တာကို ပြည်သူကလိုချင်တာပါ” ဟု ချင်းနိုင်ငံရေးလေ့လာသူဆရာခိုင်ဆာက သုံးသပ်သည်။
CDF (ဟားခါး)အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများကို နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်ပြီး ဟားခါးမြို့ပေါ်နေရာအချို့ကိုလည်း စိုးမိုးထားနိုင်သည့် အခြေအနေတွင်ရှိကြောင်း CDF (ဟားခါး)ဗဟိုကော်မတီ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
“ ဟားခါးမြို့နဲ့ နေအိမ်ကိုတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်သေးဘူး။ ဒါပေမယ့် တော်လှန်ရေးအတွက်အကျိုးပြုမယ့်ဟာတွေကို ကျွန်တော်တို့ဘယ်လိုစီမံမလဲဆိုတာက အဖွဲ့အစည်းမှာရှိတဲ့ အားလုံးသဘောတူညီချက်နဲ့ သွားရမှာဖြစ်တယ်ဗျ။ အခုက သိမ်းဆည်းပြီးပြီဆိုတော့ အဖွဲ့အစည်းကလူတွေ သဘောတူရင် တော်လှန်ရေးအတွက်လေလံတင်တာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်” ဟု ၎င်းက ရှင်းပြသည်။
ဒေါက်တာမှုထန်သည် ချင်းပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပူဂင့်ကမ်းလျန်အစား ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။
ဒေါက်တာမှုထန်သည် စစ်ကောင်စီ၏အခြားထိပ်ပိုင်းခေါင်းဆောင် ၃ ဦး၊ စစ်ကောင်စီထံ လက်နက်တင်သွင်းသည့် ကုမ္ပဏီ ၂ ခုတို့နှင့်အတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် ဥရောပသမဂ္ဂ(EU)၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းကိုခံထားရသူဖြစ်ပြီး ဥရောပနိုင်ငံများအတွင်း ခရီးသွားလာခွင့်ကိုပိတ်ပင်၍ ပိုင်ဆိုင်မှုနှင့်စီးပွားရေးလုပ်ငန်းများကို အရေးယူသိမ်းဆည်းခံထားရသူဖြစ်သည်။