ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်းတပ်စွဲထားသည့် မော်ဖူး(ရိုးစလင်း)စခန်းကို တော်လှန်ရေးအင်အားစုများက တစ်ပတ်ကျော်ကြာသည်အထိ ပိတ်ဆို့တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း Force for Federal Democracy – FFD က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် အထက်ပါစခန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး FFD Drone တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်အထိ ဒရုန်းဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် KNLA တပ်ဖွဲ့ဝင်များကလည်း စနိုက်ပါဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“Drone တွေနဲ့ တအားဖိအားပေးပြီး တောက်လျှောက်ချနေတော့ သူတို့စခန်းမှာ မနေနိုင်တော့ဘဲထွက်ပြေးသွားတာ၊ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ဘက်ကလဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်၊ အစ်ကိုတို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး”ဟု FFD Drone တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုကေးကေးက ရှင်းပြသည်။
အဆိုပါ စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်သည် စခန်းစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် တော်လှန်ရေးရဲဘော်များက စခန်းအားဝင်ရောက်ရှင်းလင်းရာ ၆၀ မမ အလုံး ၆၀ နှင့် ရှေ့ထွက်မိုင်း ၃ လုံးကိုသိမ်းယူရရှိခဲ့ကြောင်း သိရသည်။
“လက်နက်တွေပဲသိမ်းဆည်းရမိတာ၊ တခြားထပ်တွေ့တာမရှိဘူး။ ဒီကောင်တွေလူသောမြို့၊ ဖလပ်ခိုရွာက ကူခိုတပ်စခန်းကို နောက်တဆင့်ဆုတ်သွားတယ်။ ဒီတော်လှန်ရေးမှာ ဒီကောင်တွေအနှေးနဲ့အမြန်ကျရှုံးမှာဆိုတော့ တပ်သားတွေအနေနဲ့စောစောစီးစီး လက်နက်ချအလင်းဝင်တာမျိုးက သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်”ဟု ကိုကေးကေးက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည် အဆိုပါစခန်းကိုလည်း ပြီးခဲ့သည့်လများကတည်းက KNLA တပ်ဖွဲ့ဝင်များက စနိုက်ပါများဖြင့် ပစ်ခတ်ခြင်း၊ လမ်းကြောင်းပိတ်ဆို့၊ ရိက္ခာဖြတ်တောက်ထားခြင်းဖြစ်ကြောင်း ရှေ့တန်းတွင်ရောက်ရှိနေသည့် ရဲဘော်တစ်ဦးကရှင်းပြသည်။
“လမ်းကြောင်းတွေဖြတ်တောက်ထားတာကြာတော့ ရိက္ခာပြတ်ပြီး ထွက်ပြေးသွားတာလည်းဖြစ်နိုင်တယ်၊ ရှေ့ဆက်ဒီအတိုင်းဆက်နေရင်လည်း လက်နက်မှန်လို့သေရင်သေ၊ ဒါမှမဟုတ်လည်း ရိက္ခာပြတ်ပြီး သေမှာ”ဟု ၎င်းက ဆိုသည်။
ထိုမော်ဖူး(ရိုးစလင်းစခန်း)သည် ရိုးစလင်းချောင်းဘေးတွင်တည်ရှိပြီး ၁၉၉၅ ခုနှစ်ကတည်းက ယနေ့အထိ နှစ်ပေါင်း ၂၉ နှစ်ကျော်ကြာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့်စခန်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ(၂)နယ်မြေအတွင်းရှိ စကခ (၂၀) လက်အောက်ခံ ခမရ − ၅၂၈ နှင့် ခမရ − ၅၉၃ တပ်ရင်းများ၏ ထီးတော်ပယ်(ထင်းရှူးတောင်)စခန်း၊ ဘူဆာခီးစခန်းနှင့် သီးမူပေါ်စိုးစခန်းတို့ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် စခန်းစွန့်ခွာထွက်ပြေးသွားကြသည်။