ရှမ်းပြည်နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရာရှိ ၅ဦးအပါ အဝင်စစ်သား ၁၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ရက်က ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းဒေသအတွင်း လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများလုပ်ဆောင်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PNLAတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့ကတော့ ဟိုပုန်းမြို့ အရှေ့တစ်နေရာမှာ တိုက်ပွဲဖြစ်တာပေါ့နော်။ဒီ စစ်ကောင်စီစစ်ကြောင်း မိုင်းပွန်ဘက်ကနေစစ်ကြောင်းထိုးလာတော့အဲ့မှာ တိုက်ပွဲ ဖြစ်တယ်။သူတို့အလောင်း ၁၆လောင်းလောက်ကျန်ခဲ့တာပေါ့နော်” ဟု ၎င်းက ပြောသည်။
ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး၂ ဦး နှင့် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သား ၁၆ဦး သေဆုံးခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။
“ လက်နက်က ၁၅လက်၊ဒရုန်းပစ်လက်နက်က ၁လက်ရယ်၊ပစ္စတိုတစ်လက်ရယ်၊လက်နက်ခဲယမ်းကျည်ဆန်တွေ သိမ်းဆည်းရမိတာပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အလင်းဝင်လာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်ကြောင်း လည်း PNLA က ထုတ်ပြန်ထားသည်။
ယမန်နေ့၊နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ် သည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူနေအိမ် ၄လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဆီဆိုင်မြို့သားတစ်ဦးက ပြောသည်။
“ အခုညနေ ၅နာရီထိတော့ ဆီဆိုင်မြို့မှာအခြေအနေကောင်းပါတယ်။တိုက်ပွဲကတော့ဖြစ်ပွားတာမရှိပါဘူး ။ဒါပေမယ့် စစ်ကောင်စီဘက်က ဒီနေ့(ဖေဖေါ်ဝါရီ၂၆ရက်)နေ့ခင်းမှာ ဒရုန်းတွေနဲ့ပစ်ခတ်တာတွေတော့ရှိတယ်။ဘယ်နားကျသ လဲတော့ မသိဘူး။အသံပဲကြားရတာမို့။လက်နက်ကြီးသံတော့မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ဖေဖေါ်ဝါရီ၂၅ရက် တိုက်ပွဲတွင် စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။