တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် KNDO ဦးစီးပြီး PDF တို့ပါဝင်သည့် နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်း ကို အသစ်ဖွဲ့စည်းလိုက်ကာ စစ်ဆင်ရေးများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း စစ်ကြောင်းကို ယခုနှစ်၊ဖေဖော်ဝါရီလ ၁၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မြိတ်ခရိုင်တပ်ရင်း- ၁အပါအဝင် ပုလောဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် KNDOတပ်ဖွဲ့၏ တပ်ခွဲ ၅ခုပါဝင်ကြောင်း KNDO၊တပ်မဟာ ၄၊တပ်ရင်း ၇၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ KNDOတပ်ရင်း ၇ထဲက တပ်ခွဲ ၅ခုနဲ့ ပုလောPDF၊ပုလောဒေသခံတွေပါဝင်တဲ့ တပ်ဖွဲ့ ၄ခုတို့နဲ့ ဖွဲ့စည်းလိုက်တာပါ။အဓိကကတော့ စစ်ကောင်စီတပ်တွေကို တိုက်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းကို KNDO တပ်ရင်း (၇) ၊တပ်ခွဲ (၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်း၊ပုလောစစ်ကြောင်း -၁၊ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့(PRDF) နှင့် ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁၊ပုလောPDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အခုလိုဖွဲ့ရတာကတော့ အရင်ကလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးလှုပ်ရှားတာတွေရှိပါ တယ်။ အခုကျတော့ တမိန့်တစ်သံတည်း စစ်ဆင်ရေးလှုပ်ရှားရမှာဖြစ်လို့ စစ်အင်အားရော၊တိုက်ခိုက်မှုပိုင်းမှာရော ပိုပြီးအားကောင်းလာမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်း ဖွဲ့စည်းခြင်းကြောင့် စစ်ဆင်ရေးများပိုမို အောင်မြင်အောင် လုပ်ဆောင် နိုင်မည်ဟု မျှော်လင့်ကြောင်း ပုလောအခြေစိုက် ထောက်ပို့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ အရင်က KNDOစစ်ကြောင်း ၃ခုရှိတယ်။မိကျောင်းစစ်ကြောင်းဆိုလည်း ရဲဘော်ချင်းသတ်ဖြတ်တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်။အခု ပူရိယက္ခညီနောင်စစ်ကြောင်းမှာလည်း ခေါင်းဆောင်တချို့ပျောက်နေတယ်။ဒါကြောင့် အခုဖွဲ့စည်းတဲ့ KNDOဦးဆောင်မယ့် စစ်ကြောင်းကိုလည်းတော်လှန်ရေးကိစ္စတွေအောင်အောင်မြင်မြင်ဖြစ်စေချင်တယ်။ဘာပြဿနာမှလည်း မဖြစ်စေချင်ဘူး။ဒါမှလည်း တိုင်းတစ်ပါးကနေ ချွေးနှဲစာလေးတွေနဲ့ လှူကြတဲ့သူတွေကလည်း လှူရကျိုး ပေးရကျိုးနပ်မှာမို့လေ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်ကပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေးပေ။