စစ်ကောင်စီအနေဖြင့် အရှုံးသမားပီသအောင်ကြိုးစားခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်ဟု ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောဆိုလိုက်သည်။
“ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှုကို လေးစားပါတယ်။ ဒါပေမယ့် လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာ ဖြစ်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကို ဟန့်တားနိုင်သော နိုင်ငံတကာအဖွဲ့အစည်းများမရှိသေးသလို ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် အာဆီယံအဖွဲ့အစည်းတို့မှလည်း ဟန့်တားမပေးနိုင်သေးကြောင်း မြန်မာ့နိုင်ငံအရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“ရက္ခိုင့်တပ်တော်ဆိုတာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဆိုတာတော့ ဟုတ်တာပေါ့ဗျာ။ သို့သော်လည်း ရခိုင်ပြည်နယ်အနေနဲ့ ပြောလို့ရှိရင် ရခိုင်ပြည်သူတွေဘက်ကနေပြီး ရပ်တည်တိုက်ပွဲဝင်နေတာက ရက္ခိုင့်တပ်တော်ဖြစ်တာကိုး။ သူ့ပြည်နယ်အတွင်းမှာဖြစ်တဲ့အတွက် သူ့(ဗိုလ်ချုပ်ထွန်းမြတ်နိုင်)အနေနဲ့ကတော့ ပြောပိုင်ခွင့်ရှိတယ်။ တရားမျှတမှုလည်းရှိသလို ပြောဖို့လည်း ထိုက်တန်တယ်”ဟု ၎င်းက သုံးသပ်သည်။
ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း “တပ်အချင်းအချင်းမတိုက်နိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်လက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေအုံးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောထားသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရှုံးများနှင့် ရင်ဆိုင်နေရကာ ရခိုင်ပြည်သူများအား ဖမ်းဆီးခြင်း၊ လေကြောင်းများအား အသုံးပြု၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်နေသည်။
ထို့အတူ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင်လည်း စစ်ကောင်စီထောက်ခံသူများက လူမျိုးရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။