ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ပိန်းဇလုပ် ခလရ (၂၆၄)က ယနေ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးများအနက်တစ်လုံးမှာ လူနေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်နက်ကြီးစထိမှန်၍ သေဆုံးသွားသည့်ကလေးငယ်မှာ ညောင်လေးပင်မြို့ အရှေ့ဘက်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကောက်မယ်သူကျေးရွာတွင်နေထိုင်သည့် စောတက်တိုးအောင်ဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့ ၁၁ နာရီ ကျော်ကျော်လောက်၊ ရွာထဲကိုလက်နက်ကြီး ကျလာတာ၊ အဲဒီ ကလေးတွေအိမ်ပေါ်ကျပြီး ကောင်လေးဗိုက်ကိုမှန်သွားတာ၊ အူပွင့်သေသွားတယ်”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှစတင်၍ နတ်သံကွင်းဘက်သို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့်အပြင် မြေပြင်ကပါ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများရှိနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်။
“လေကြောင်းက မနက်ကတည်းက လာပစ်နေတာ၊ နတ်သံကွင်းဘက်ကိုရော၊ လေယာဉ်မနည်းများတယ် ခဏခဏလာပစ်နေတာ၊ မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပေးနေတာ၊ ဘယ်နှစ်လုံးမှန်းတောင် ရေမရဘူး။ ပြည်သူတွေလည်းထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ရင်းများက ယခင်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်မှာ လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် အဆိုးရွားဆုံးဟုဆိုနိုင်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
“ပြေးရတာကတော့ခဏခဏပဲ၊ အခုကပိုဆိုးတယ်၊ လေယာဉ်တွေရောလက်နက်ကြီးနဲ့ပါ တစ်ပြိုင်တည်းပစ်နေတာ၊ ရွာကိုပြန်မကပ်ရဲဘူး။ လက်နက်ကြီးကနေ့တိုင်းရမ်းပစ်နေတာလေ၊ ဟိုရွာကျလိုက်ဒီရွာကျလိုက်နဲ့ အိမ်တွေမီးလောင်တာရော၊ ရွာသားတွေလဲ ခဏခဏသေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူနဲ့၊ PDF တွေလည်းရွာထဲရှိတာမဟုတ်ဘူး တမင်ကိုပစ်နေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ချုံအင်းကျေးရွာသို့ ၃ လုံး၊ တောင်ခင်ကျေးရွာသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ခင်ကျေးရွာအတွင်းရှိ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်း (၁)လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သေးသည်။