ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများတွင် အဝေးရောက်နေသည့် လူငယ်များကို စစ်ကောင်စီက ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဒီမနက်ဘဲ အုပ်ချုပ်ရေးမှူးက သန်းခေါင်းစာရင်းတွေလာစစ်ဆေးတယ်။ သန်းခေါင်စာရင်းထဲက လူအပြည့်မတွေ့ရင် ဘယ်မှာလဲ၊ ဘာအလုပ် လုပ်နေတာလဲ၊ သွားတာကြာပြီလား၊ အဆက်အသွယ်ရှိတယ်မလား၊ ဒီရက်ပိုင်းအိမ်ပြန်ရောက်အောင် ဖုန်းဆက်ခေါ်နော်၊ စစ်မှုထမ်းရမှာ သိတယ်မလားဆိုပြီးပြောသွားတယ်” ဟု ပဲခူးတိုင်း၊ ကွင်းမကျေးရွာနေ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ယခုကဲ့သို့ အဝေးရောက်နေသူများသည် သတ်မှတ်ရက်အတွင်း ပြန်မလာနိုင်ခြင်း သို့မဟုတ် ထွက်ပြေးတိမ်ရှောင်ခြင်းများပြုလုပ်ပါက ကျန်ရစ်သူ မိသားစုများကို ထောင်ချခြင်းများပြုလုပ်မည်ဟု အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်မှုများပြု လုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ရွာထဲမှာ စစ်မှုထမ်းရမဲ့ အသက်ပြည့်ပြီးသား လူငယ် ၁၀၀ကျော်လောက်ရှိတယ်။ မနက်ဖန်(ဖေဖော်ဝါရီ ၂၆ရက်)မှာ စစ်မှုထမ်းရမဲ့အကြောင်းနဲ့ပတ်သက်ပြီး ရွာရဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာ အစည်းဝေးရှိတယ်။ လာတက်ရမယ်ဆိုပြီး ဒီနေ့ လာပြောသွားတယ်” ဟု ပဲခူးတိုင်း၊ ကမ်းမြင့်ရွာနေ အမျိုးသားတစ်ဦးကပြောသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသူများအနက် အသက်ပြည့်ပြီးသား လူငယ်များအနေဖြင့် စစ်မှုထမ်းရန်အ တွက် လက်မှတ်တခါတည်း ထိုးရမည်ဖြစ်ကြောင်း ကမ်းမြင့်ရွာနေ အမျိုးသားက ရှင်းပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း ပဲခူးတိုင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူငယ်များကို မဲနှိုက်ရွေး ချယ်မှုများပြုလုပ်ခဲ့ပြီး ပြည်သူ့အဖွဲ့သို့ မဝင်လိုသည့် လူငယ်များသည် တစ်ယောက်လျင် ကျပ်သိန်း ၃၀ အထိပေးခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။
“ စစ်မှုထမ်းဥပဒေမပေါ်တုန်းကတော့ ပြည်သူ့စစ်ဆိုပြီး အတင်းအဓမ္မ လူစုတယ်။ ပိုက်ဆံတောင်းတယ်။ အခုကျတော့လည်း စစ်မှုမထမ်းရင် မိသားစုနဲ့ ခြိမ်းခြောက်နေတယ်” ဟု ပဲခူးတိုင်း၊ ၆ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနေ အမျိုးသားတစ်ဦး ကပြောသည်။
လက်ရှိ ပဲခူးတိုင်းအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ဝန်ထမ်းများသည် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း နှင့် စည်းရုံးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။