မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ်းကူးမြို့နယ်သို့ စစ်ကောင်စီက လက်နက်ကြီးပတ်ခတ်မှုကြောင့် ကလေး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(ဖေဖော်ဝါရီ ၂၅ရက်)၊ မနက် ၇နာရီခန့်မှစတင်ကာ စဉ့်ကူးမြို့နယ် စားကျက်ကြီးနှင့် တောင်အင်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စဉ့်ကူးမြို့နယ် ရွာသာ၊ ငှက်စားကျေးရွာနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိမ့်ကျေးရွာများသို့ လက်နက်ကြီး အကြိမ်ရေ ၂၀ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
” စစ်တပ်က လက်နက်ကြီးကို နှစ်နေရာဆင်ထားတာ၊ စားကျက်ကြီးရွာနဲ့ တောင်အင်း ပျူရွာတွေကနေ ပစ်ခတ်တာပါ။ အဲ့ဒီရွာနှစ်ခုကနေ ကြက်ခြေခက်အနေအထားနဲ့ ပစ်နေတော့ ပြည်သူတွေ သေကြပြီပေါ့၊ ဧရာဝတီမြစ်ကမ်းနဖူးနဲ့ ကျွန်းပေါ်ကရွာတွေ အကုန် စစ်ရှောင်နေကြရတယ်” ဟု စဥ့်ကူးမြို့နယ် ဒေသခံအမျိုးသားတစ်ဦး က MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စဉ့်ကူးမြို့နယ် ရွာတော်ကျေးရွာမှ အသက် ၁၄နှစ်အရွယ် မောင်ဖိုးကောက် သေဆုံးခဲ့ပြီး အသက် ၈၀နှစ်အရွယ် ဒေါ်ခင်ရီ၊ သေဆုံးသူ ကလေး၏ မိခင်ဖြစ်သူ မတင်ယုယုခိုင်၊ ရွာသာ ကျေးရွာမှ ပြည်သူတစ်ဦး၊ ငှက်စာကျေးရွာမှ ပြည်သူတစ်ဦးနှင့် ဝက်လက်မြို့အရှေ့ခြမ်း သစ်ဆိမ့်ကျေးရွာမှ ပြည်သူ တစ်ဦး လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Information Network က ထုတ်ပြန်ထားသည်။
“ သစ်ဆိမ့်ရွာကိုတော့ လက်နက်ကြီး ၂လုံး ကျပါတယ်။ ပထမတစ်လုံးက လှေဆိပ်ကိုကျပြီး၊ လူတစ်ဦး ကျောမှာ ဒဏ်ရာရသွားပါတယ်။ ဒုတိယတစ်လုံးက စေတီဘေးက ကျတော်တို့ ခိုနေတဲ့နေရာနားကို ကျတာပါ၊ အဲ့ဒီ့ လက်နက်ကြီးကွဲစဥ်အချိန် သစ်ပင်ကြီးအောက်မှာ ကျတော်အပါအ၀င် အခြားလူ ၃ ယောက်နဲ့ ရင်ခွင်ပိုက် ကလေးတစ်ယောက် ရှိပါတယ်” ဟု သစ်ဆိမ့်ကျေးရွာသို့ ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေမှုကြောင့် ရွာတော်၊ ရွာသာ၊ မိုင်းတောင်၊ ရွှေဘယက်၊ ဝက်ပေါင်၊ ဆင်သေ၊ သဲအင်း၊ ကျွန်းကြီး၊ ကမ်းဖြူ၊ ရွှေဂုံတိုင်၊ ငှက်စား၊ သစ်ဆိမ့်ကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း သစ်ဆိမ့်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ပျူရွာတွေကနေ ပစ်တယ်။ စစ်ကြောင်းထိုးရင်လည်း လျှောက်ပစ်တယ်။ ကောင်းကောင်းကို မနေရပါဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်တွင် စဥ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီးရွာမှ စစ်ကောင်စီတပ်သည် ရေလယ်မော်ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။