တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးရွာထိပ်ရှိ ယာယီဂိတ်မှ စစ်သားများက ဒေသခံများကို ဘီယာနှင့် ဖုန်းဘေလ်ဝယ်ခိုင်းနေကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ဇန်နဝါရီ ပထမပတ်မှ စတင်ကာ လက္ကူးကျေးရွာထိပ်တွင် ယာယီဂိတ်စခန်းချသည့် အခါတိုင်း ရွာသားများအား ဘီယာနှင့် ဖုန်းဘေလ် ဝယ်ခိုင်းနေခြင်းဖြစ်ကြောင်း လက္ကူးရွာသားတစ်ဦးက ပြောသည်။
“ ဂိတ်က အမြဲရှိတာတော့ မဟုတ်ဘူး။ပုလောထဲမှာ တိုက်ပွဲဖြစ်တဲ့အချိန်နဲ့ PDFတွေလာတယ်ဆိုတဲ့ သတင်းရမှ ရှိတာ။အရင်နှစ်က လက်နက်ကြီးနဲ့ ရွာထဲထုတာရှိပေမယ့် ဒီနှစ်ထဲတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
ယာယီဂိတ်စခန်းမှနေ၍ ဟင်းစားဈေးဝယ်ထွက်သူများနှင့် စိုက်ပျိုးသီးနှံရောင်းချသည့် ဒေသခံများကို ငွေတောင်းရမ်းခြင်းနှင့် ဘီယာနှင့် အရက်ကို ပိုက်ဆံမပေးဘဲ ဝယ်ခိုင်းခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဓိကက ရွာသားတွေဆို ပိုလုပ်တယ်။သေနတ်နဲ့ချိန်တာမျိုးတော့မဟုတ်ဘူး။သူတို့က ရွာသားတွေတွေ့ရင် ဂိတ်နားခေါ်ပြီး ဘီယာနဲ့ အရက်မှာတယ်။အမျိုးသမီးတွေဆို ဖုန်းဘေလ်မှာတယ်။မုန့်တော့မမှာဘူး။အဆိပ်ခတ်မှာစိုးတာကြောင့်လို့ ပြောတယ်။ပိုက်ဆံကတော့ လက္ကူးရွာထဲကို သယ်မယ့် ပစ္စည်းအရေအတွက်ကြည့်ပြီး ၂သောင်းကနေ ၃သောင်းအထိတောင်းတယ်။ရွာထဲက ကုန်စုံဆိုင်ရှင်တွေခံရတာပေါ့” ဟု ၎င်းက ပြောသည်။
လက္ကူးရွာထိပ်ရှိ ယာယီဂိတ်စခန်းတွင် စစ်သား ၈ဦးထက်မနည်းရှိပြီး သေနတ်များအပြင် လက်ပစ်ဗုံးများလည်းရှိကြောင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ ဂိတ်စခန်းမှာ စစ်သားများတယ်။တစ်ခေါက် ဈေးဝယ်ပြီး အပြန်ဆန်အိတ်တွေပါလာတော့ အစ်မတို့ကို ၂သောင်းတောင်းလို့ ပေးခဲ့ရတယ်။သူတို့တောင်းလို့ ဘုဂလန့်ပြန်ပြောရင် ပါးရိုက်တာမျိုးရှိတယ်။မိန်းကလေးတွေတော့ ခံရတယ်လို့မကြားမိဘူး။အရက်တို့ဘီယာတို့ဝယ်ခိုင်းရင် ပုလင်းအဖုံးက ပါကင်မဟုတ်ဘဲ ဖွင့်ထားရင် အသစ်ပြန်ဝယ်ခိုင်းတယ်။ဆဲတယ်၊ တစ်ခါတလေရိုက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များရှိရာ လွတ်မြောက်နယ်မြေသို့ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းမရှိဘဲ တပ်တွင်းနှင့် အနီးတဝိုက်သာ လုံခြုံရေးချကာ ခံစစ်အနေအထားပြင်ဆင်ထားကြောင်း MPAက စုံစမ်းသိရသည်။