ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
မင်းတပ်မြို့၊ ၅ မိုင်တက္ကသိုလ်အနီးရှိ ရွီတွီကျေးရွာတွင်နေထိုင်သည့် ရွာသားအချို့အပြင် (၃)မိုင်ဂိတ်နှင့် ပန်းအော့ကျေးရွာကြားမှ ခရီးသွားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ အရင်နေ့ကတည်းကတော့ မင်းတပ်မြို့အနီးတဝိုက် ခရီးမထွက်ကြဖို့ ပြောဆိုကြတာတွေတော့ရှိတယ်။ အခုကလည်း ယောက်ျားလေးတွေကိုပဲ ဖမ်းတာလို့သိရတယ်။ ဆိုင်ကယ်တွေလည်း သိမ်းထားတယ်လို့ကြားတယ်။ စစ်မှုထမ်းဥပဒေကြောင့်လို့တော့ ယူဆရတာပေါ့” ဟု ၎င်းကရှင်းပြသည်။
ထို့နောက် စစ်ကောင်စီတပ်သားများသည် ပန်းအော့ကျေးရွာအတွင်း ဝင်ရောက်၍ ရွာသူ၊ ရွာသားများအား အိမ်ပြင်မထွက်ကြရန် အော်ဟစ်ပြောဆိုပြီး အိမ်ထောင်စုစာရင်းများကို လှည့်လည်စစ်ဆေး၍ စာရင်းကောက်ယူသွားခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်သို့ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ပြီးနောက် မင်းတပ်မြို့အတွင်း၊ တစ်ရပ်ကွက်လျှင် လူ ၇၀ ပေးရမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။
“ ဒီနေ့ကတော့ စစ်သားတွေက ရွာတွေထဲကိုဝင်ပြီး ပြည်သူတွေကိုဖမ်းဆီးတာရှိတယ်။ အယောက် ၂၀ လောက်အဖမ်းခံရတယ်။ အဲ့ဒီထဲကမှ ၄ ယောက်ကိုပဲ ခလရ(၂၇၄)ထဲကို ခေါ်သွားကြတယ်လို့ပြောတယ်။ ကျန်တဲ့လူတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့သိရတယ်” ဟု CDF (မင်းတပ်)၊ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် စစ်ကြောင်းထိုးခြင်းများမရှိသော်လည်း ခလရ(၂၇၄)တပ်ရင်းမှ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။