ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှစ်ရက်ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ် ၃၄ လုံးမီးလောင်ပျက်ဆီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့သတင်းထုတ်ပြန်သည်။
ပိန်းဇလုပ်အခြေစိုက် ခလရ – ၂၆၄ တပ်ရင်းတို့အပြင် ခမရ – ၂၀ ခမရ ၃၀၈ တပ်ရင်းတို့မှ ဖေဖော်ဝါရီ ၂၃ ရက်၊ နေ့လည်ပိုင်းတွင် လက်နက်ကြီး ၃၂ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၂၈ လုံးမီးလောင်ပြာကျခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“လက်နက်ကြီးနဲ့ကတော့ နေ့ရော၊ ညရောနေ့ရောပစ်နေတာ၊ ပြည်သူတွေလည်းထိခိုက်သေဆုံးမှုတွေရှိတယ်၊မီးလောင်တာတော့ ရွာတွေအစုံပဲ၊ မြို့ပေါ်ရပ်ကွက်တွေလည်းမီးရှို့တယ် ”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ထို့အတူ ကုန်းချောင်းဝကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက် ၈ နာရီခွဲမှ ၉ နာရီကျော်အထိ နတ်သံကွင်းမြို့အား လက်နက်ကြီးစုစုပေါင်း ၃၅ လုံး ပစ်ခတ်ူခဲ့သောကြောင့် ပြည်သူပိုင်နေအိမ်နောက်ထပ် ၆ လုံး ထပ်မံ၍ မီးလောင်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“နတ်သံကွင်းမှာက ထိတွေ့တိုက်ပွဲက မကြာမကြာဖြစ်တယ်၊ တိုက်ပွဲတွေမှာ အရေးနိမ့်နေတော့ လက်နက်ကြီးနဲ့နေ့တိုင်း ရမ်းပစ်နေတာ၊ အစ်ကိုတို့ တော်လှန်ရေး ရဲဘော်တွေကတော့ အထိခိုက်မရှိပါဘူး။ သူတို့ဘက်က မနေ့ကပွဲတောင်တစ်ယောက် သေဆုံးသွားတယ်”ဟု တောင်ပိုင်းစစ်ဒေသခွဲ ရိုးမ(၂)စစ်ကြောင်းရှိ ရဲဘော်တစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းမှစတင်ပြီး နတ်သံကွင်းတောင်ပေါ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေကြောင်း အသက် ၄၀ အရွယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကရင်တိုင်းရင်းသားတွေနေတဲ့ရွာ ကိုပစ်နေတာ၊ အဲဒီမှာရွာသားတွေရှိတယ်၊ ထိခိုက်သေဆုံးမှုတော့မသိရဘူး၊ လေယဉ် ၇ စီးလောက်ရှိမယ် အခေါက်ခေါက်အခါခါ ပစ်နေတာ ၊ အခုထိပစ်နေတုန်း”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဖောဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်အတွင်း နေအိမ် (၅) လုံး၊ နွားတင်းကုတ် (၁) လုံးနှင့် ဘုန်းကြီး ကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့သေးကြောင်း ကေအဲန်ယူ ဗဟိုက ဆိုထားသည်။