ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းများက ငွေညှစ်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားကွန်ရက်မှ ယနေ့(ဖေဖော်ဝါရီ ၂၅ရက်) တွင်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ သာယာ၀တီအကျဉ်းထောင်အတွင်း ငွေကြေးတောင်းခံမှုများဖြစ်ပွားနေခြင်းဖြစ်ပြီး သတင်းအချက် တိကျစွာရရှိရန် စောင့်ဆိုင်းနေရခြင်းကြောင့် ယခုအချိန်မှသာ ထုတ်ပြန်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။
” ငွေကြေးတောင်းမှုတွေက ဇန်နဝါရီလကတည်းက ဖြစ်နေတာလို့ စုံစမ်းသိရှိရတယ်။ အကျဉ်းထောင်ရဲ့ သတင်းတွေ စုံစမ်းရတာက အင်မတန်ကျပ်လာတယ်။ အတိအကျမဟုတ်ဘူးဆိုရင် ပြည်သူတွေစိုးရိမ်ပူပန်မှုဖြစ်မှာစိုးလို့ ကျတော်တို့က မထုတ်ပြန်ချင်ဘူး။ အဲ့ဒါကြောင့်မလို့ ကျတော်တို့က စနစ်တကျဖြစ်အောင်လို့ သတင်းတွေကို သေချာလိုက်ပြီးမှ ဒီနေ့မှ ထုတ်ပြန်တာပါ ” ဟု ၎င်းက ပြောသည်။
သာယာ၀တီအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများ ယခုကဲ့သို့ လုပ်ဆောင်နေမှုအပေါ် နိုင်ငံရေးအကျဉ်းသားအချို့က ဆန့်ကျင်သော်လည်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များသည် စိုးရိမ်သောကြောင့် တောင်းခံသည့်ငွေကြေး ကို မရှိသည့်ကြားမှ ရှာကြံပေးနေရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ သာယာ၀တီအကျဉ်းထောင်အတွင်း အိမ်သာသန့်ရှေးရေးဘုတ်၊ တောင်ယာဘုတ်၊ ရေချိုးကန်ဘုတ်၊ ထမင်းချက်ဖိုကြီးဘုတ်များ၌ နိုင်ငံရေးအကျဉ်းသားများကို ဖိအားပေး အလုပ်ခိုင်းစေမှုများရှိနေကြောင်းလည်း သိရသည်။
ထိုကဲ့သို့ ထောင်တွင်းအလုပ်များကို မလုပ်လိုပါက ထောင်အာဏာပိုင်များထံ မိသားစုဝင်များမှ တဆင့် မြန်မာငွေ ၅သိန်းကျပ်မှ ကျပ် ၁၀သိန်းအထိ ပေးဆောင်နေရကြောင်းလည်း သာယာ၀တီ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
” ဒီလိုမျိုး အလုပ်တွေ အတင်းအဓမ္မခိုင်းစေနေတာတွေကို မလုပ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ နိုင်ကျဉ်းတွေ အရိုက်ခံရတာမျိုးတွေ ရှိပါတယ်။ အရေအတွက်နဲ့ဆို ၄ဦးနဲ့ ၁၀ဦးကြားမှာ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
” အလုပ်တွေကို အတင်းအဓမ္မခိုင်းနေပေမဲ့ အစားအသောက်အပိုင်းဆိုလည်း အဆိုးရွားဆုံး အခြေအနေ ရှိနေပါတယ်။ ပဲဟင်းကျွေးတယ်ဆိုပေမဲ့ ပဲဟင်းတောင် အရည်ကျဲနဲ့ပါ၊ အကျဉ်းထောင်မှာ ကျွေးဖို့ ပဲတွေကို တခြား မကောင်းတဲ့ပဲတွေလဲပြီး အပြင်ကို ရောင်းနေတာမျိုးတွေလည်း ရှိပါတယ် ” ဟု ထောင်ဝင်စာပို့နေသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး နောင်တစ်ချိန်တွင် တရားမျှတမှု ဖော်ဆောင်နိုင်ရန်အတွက် မှတ်တမ်းများ ပြုစုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးထားသည်။